တရုတ်ကောင်စစ်ဝန်ရုံး၌ ဆန္ဒပြသူတစ်ဦးကို ရိုက်နှက်မှုအား ဗြိတိန်ရဲတပ်ဖွဲ့ စုံစမ်းစစ်ဆေး 

တရုတ်ကောင်စစ်ဝန်ရုံး၌ ဆန္ဒပြသူတစ်ဦးကို ရိုက်နှက်မှုအား ဗြိတိန်ရဲတပ်ဖွဲ့ စုံစမ်းစစ်ဆေး 

အောက်တိုဘာလ ၁၈ ရက်

ဗြိတိန်နိုင်ငံ မန်ချက်စတာမြို့က တရုတ်ကောင်စစ်ဝန်ရုံးနားတွင် သမ္မတ ရှီကျင့်ဖျင်အား ဆန့်ကျင်ဆန္ဒပြရာ၌ လူအချို့ ထွက်လာပြီး ဆန္ဒပြသူတစ်ဦးကို ကောင်စစ်ဝန်ရုံးဝင်းအတွင်း ဆွဲခေါ်သွားကာ ရိုက်နှက်ကြသည့် ဖြစ်ရပ်အား ဗြိတိန်ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးလျက် ရှိသည်။ 

ပေကျင်းတွင် တရုတ်နိုင်ငံ၏ အာဏာရ ကွန်မြူနစ်ပါတီ၏ ဆယ်နှစ်တစ်ကြိမ် ညီလာခံ ပထမနေ့ ကျင်းပနေချိန်၌ တနင်္ဂနွေနေ့တွင် ယခု ဆန္ဒပြမှု ဖြစ်ပွားပေါ်ပေါက်ခြင်း ဖြစ်သည်။ အဆိုပါ ညီလာခံတွင် ရှီကျင့်ဖျင်အား တတိယအကြိမ် ခေါင်းဆောင်မှုသက်တမ်း ပေးအပ်ရန် တော်တော်များများ မျှော်လင့်ထားသည်။ 

ကောင်စစ်ဝန်ရုံး အပြင်ဘက်၌ ဆန္ဒပြဆိုင်းဘုတ်များ ကိုင်ဆောင်ထားကြရာတွင် ဆိုင်းဘုတ်တစ်ခု၌ “ကောင်းကင်ဘုံက တရုတ်ကွန်မြူနစ်ပါတီကြောင့် ပျက်စီးရလိမ့်မယ်”ဟု ရေးသားထားသည်။ 

တရုတ်ကောင်စစ်ဝန်ရုံးအပြင်ဘက်၌ လူ ၃၀ မှ ၄၀ ကြား စုံရုံးဆန္ဒပြကြခြင်းဖြစ်ကြောင်း မန်ချက်စတာရဲဌာနက ပြောသည်။ 

“ညနေ ၄ နာရီကျော်လောက်မှာပဲ ဆန္ဒပြအုပ်စုငယ်ဟာ ကောင်စစ်ဝန်ရုံးဆီ ရောက်လာကြတယ်၊ အဲဒီမှာ အမျိုးသားတစ်ဦးကို ကောင်စစ်ဝန်ရုံးဝင်းအတွင်း အတင်းဆွဲခေါ်ခံရပြီး ရိုက်နှက်ကြတာ ဖြစ်တယ်”ဟု ရဲထုတ်ပြန်ချက်တွင် ဖော်ပြသည်။ 

“ဒီ အမျိုးသားရဲ့ ဘေးကင်းလုံခြုံမှုကို ကျွန်တော်တို့ စိုးရိမ်တာကြောင့် တာဝန်ရှိသူတွေက ကြားဝင်ဖြန်ဖြေပြီး ကောင်စစ်ဝန်ရုံးကနေ အဲဒီလူကို ခေါ်ထုတ်ခဲ့ရတယ်”ဟု ယင်း ထုတ်ပြန်ချက်က ဆိုသည်။ 

ဦးထုပ်မည်း ဆောင်းထားပြီး ကျစ်ဆံမြီး ချထားသည့် အမျိုးသားကို ဂိတ်တံခါးမှနေ၍ ကောင်စစ်ဝန်ရုံးဝင်းအတွင်း ဆွဲသွင်းကြသည်ကို ဘီဘီစီသတင်းက တင်သော ဗီဒီယိုတွင် မြင်တွေ့ရသည်။ ကောင်စစ်ဝန်ရုံးဝင်းအတွင်း ဆွဲသွင်းကာ ထိုသူ မြေပေါ်လဲကျစဉ် လူငါးဦးက ကန်ကျောက်ထိုးနှက်ကြခြင်း ဖြစ်သည်။ 

ရဲများ ကောင်စစ်ဝန်ရုံးဝင်းအတွင်း မဝင်ရောက်လာမီ ဘယ်ရီကက်ဦးထုပ် ဆောင်းထားသည့် ဆံပင်ဖြူနှင့် အမျိုးသားတစ်ဦးက ထိုဆန္ဒပြသူ၏ ဆံပင်ကို ဆွဲပြီး ဆွဲထုတ်သည်ကိုလည်း မြင်ရသည်။ 

ကောင်စစ်ဝန်ရုံးမှ လူအချို့သည် အချို့က ဟဲလ်မတ်ဦးထုပ်များနှင့် အကာအကွယ် အင်္ကျီများ ဝတ်ထားပြီး ဆန္ဒပြဆိုင်းဘုတ်အချို့ကို ဖြုတ်ချကာ ဆန္ဒပြသူများနှင့် ထိပ်တိုက်တွေ့ပြီး လူတစ်ဦးကို ကောင်စစ်ဝန်ရုံးဝင်းအတွင်း ဆွဲခေါ်သည်ကို ဘီဘီစီသတင်း ဗီဒီယို၌ မြင်တွေ့ရသည်။ 

ထိုသို့ ကောင်စစ်ဝန်ရုံးအတွင်း ဆွဲသွင်းကာ ထိုးကြိတ်ခံရသည့် အသက် ၃၀ ဝန်းကျင် အဆိုပါ အမျိုးသားတွင် ဒဏ်ရာအချို့ ရခဲ့ပြီး ကုသမှုအတွင်း ဆေးရုံတင် ထားရကြောင်း ရဲထုတ်ပြန်ပြန်ချက်၌ ဖော်ပြသည်။ ယခု ဖြစ်ရပ်နှင့် ပတ်သက်ပြီး ဖမ်းဆီးခြင်းမျိုး မရှိသေးပေ။ 

အဆိုပါ ဖြစ်ရပ်ကို တင်းပြည့် စုံစမ်းစစ်ဆေးမှု လုပ်ဆောင်လျက် ရှိသည်ဟု ရဲဌာနက ထုတ်ပြန်ထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly