အီရန်တွင် အကျဉ်းထောင် မီးလောင်၍ လူ ၄ ဦးသေဆုံးပြီး ၆၀ ကျော် ဒဏ်ရာရ

အီရန်တွင် အကျဉ်းထောင် မီးလောင်၍ လူ ၄ ဦးသေဆုံးပြီး ၆၀ ကျော် ဒဏ်ရာရ
Photo - EPA

October 17

အီရန်နိုင်ငံ၏ အက်ဗင်အကျဉ်းထောင်၌ အောက်တိုဘာ ၁၅ ရက်က မီးလောင်မှု ဖြစ်ပွား၍ အကျဉ်းသား လေးဦး သေဆုံးပြီး အခြား ၆၁ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း နိုင်ငံပိုင် မီဒီယာက ဖော်ပြသည်။

အဆိုပါနိုင်ငံ၌ ရဲတပ်ဖွဲ့၏ ထိန်းသိမ်းမှုကို ခံရစဉ် အမျိုးသမီးတစ်ဦး သေဆုံးမှုကြောင့် အစပြုပေါ်ပေါက်ခဲ့သော အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများကလည်း ဆက်လက်ဖြစ်ပွားလျက် ရှိသည်။

အကျဉ်းထောင်၌ ငွေကြေးဆိုင်ရာ ပြစ်မှုများနှင့် ခိုးမှုတို့ဖြင့် ပြစ်ဒဏ်ချမှတ်ခံထားရသော အကျဉ်းသားများအကြား ရန်ပွဲတစ်ခု ပေါ်ပေါက်ပြီးနောက် အကျဉ်းထောင် အလုပ်ရုံတစ်ခု မီးရှို့ခံရခြင်း ဖြစ်ကြောင်း အီရန် အာဏာပိုင်တို့က အောက်တိုဘာ ၁၅ ရက်တွင် ပြောသည်။

အက်ဗင် အကျဉ်းထောင်တွင် နိုင်ငံသားနှစ်မျိုး ခံယူထားသည့် အီရန်များ အပါအဝင် လုံခြုံရေးဆိုင်ရာ စွဲချက်များဖြင့် ရင်ဆိုင်နေရသည့် အကျဉ်းသား အများအပြားကိုလည်း ထိန်းသိမ်းထားသည်။

စနေနေ့က ဖြစ်ပွားသော အကျဉ်းထောင် မီးလောင်မှုအတွင်း ဒဏ်ရာရသူများအနက် လေးဦးမှာ အခြေအနေ စိုးရိမ်ရကြောင်းနှင့် သေဆုံးသွားသူများမှာ မီးခိုးမွှန်ပြီး အသက်ရှုကျပ် သေဆုံးသွားခြင်း ဖြစ်ကြောင်း အီရန် တရားရေးအာဏာပိုင်တို့က ပြောသည်ဟု နိုင်ငံပိုင် မီဒီယာက ဖော်ပြသည်။

အီရန်တွင် စက်တင်ဘာ ၁၆ ရက်က အသက် ၂၂ နှစ်ရှိ မာဟ်ဆာ အာမီနီ အမည်ရ အမျိုးသမီးငယ်တစ်ဦး သေဆုံးမှုကြောင့် စတင်ပေါ်ပေါက်ခဲ့သည့် ဆန္ဒပြပွဲများက ၁၉၇၉ ခုနှစ် တော်လှန်ရေးနောက်ပိုင်း အီရန်၏ ဘာသာရေးခေါင်းဆောင်နှင့် အစိုးရအတွက် အကြီးဆုံးသော စိန်ခေါ်မှုတစ်ခုအဖြစ် ပြောင်းလဲရောက်ရှိထားသလို ဆန္ဒပြသူများက အီရန် အစ္စလမ္မစ် သမ္မတနိုင်ငံ၏ ခေါင်းဆောင်များ ပြုတ်ကျစေရေး တောင်းဆိုနေကြသည်။

(ကိုလူအေး ဘာသာပြန်သည်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly