မြောက်ကိုရီးယား၏ တင့်ဖျက်ဒုံးကျည်သစ်က ရန်သူ့တင့်ကားကို ဖရုံသီးပြုတ်ဖြစ်သွားမည်ဟုဆို

မြောက်ကိုရီးယား၏ တင့်ဖျက်ဒုံးကျည်သစ်က ရန်သူ့တင့်ကားကို ဖရုံသီးပြုတ်ဖြစ်သွားမည်ဟုဆို

ဆိုးလ်၊ ဖေဖော်ဝါရီ ၂၇ ။             ။ မြောက်ကိုရီးယားသည် ဖေဖော်ဝါရီ ၂၇ က ၎င်း၏ တင့်ဖျက်လက်နက်သစ်ကို ကြွားဝါလိုက်ပြီး လက်နက်မှာ စွမ်းအားကြီးမားလွန်းသဖြင့် အခိုင်ခံဆုံးရန်သူ တင့်ကားများကိုပင် ဖရုံသီးပြုတ်အဖြစ်သို့ ပြောင်းသွားနိုင်သည်ဟု မြောက်ကိုရီးယားခေါင်းဆောင်က ပြောကြားခဲ့သည်။

လူတစ်ယောက်သယ်ယူနိုင်သော လေဆာလမ်းညွှန်ဒုံးလက်နက် ပစ်ခတ်စမ်းသပ်မှုများကို မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က စောင့်ကြည့်ခဲ့ပြီး ယင်းလက်နက်က ကမ္ဘာပေါ်တွင် အဝေးဆုံးပစ်လွှတ်နိုင်ပြီး လက်ဖြောင့်တပ်သား၏ ရိုင်ဖယ်လောက် ပစ်မှတ်တိကျသည်ဟု ကြေညာခဲ့ မြောက်ကိုရီးယား၏ နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့သည်။

စစ်ဆင်ရေးစွမ်းရည် တိုက်ခိုက်ရေးစွမ်းရည် မြင့်မားလှပါသည်ဆိုသော ရန်သူများ၏ အထူးတင့်ကားများ၊ သံချပ်ကာယာဉ်များသည် ယခုတင့်ဖျက်လေဆာလမ်းညွှန်လက်နက်အောက်တွင် ဖရုံသီးပြုတ်တစ်လုံးထက်ပိုတော့မည်မဟုတ်သည့်အတွက် အလွန်ပင်နှစ်ထောင်းအားရဖြစ်ရကြောင်း ကင်ဂျုံအန်က ပြောကြားခဲ့သည်ဟု ကေစီအဲန်အေသတင်းဋ္ဌာနဖော်ပြသည်။ ၎င်းလက်နက်အား အမြန်ဆုံးအမြောက်အမြားထုတ်လုပ်ရန် တောင်းဆိုခဲ့ပြီး ရှေ့တန်းနှင့် ကမ်းရိုးတန်းတပ်ဖွဲ့များတွင် ချထားရန်ပြောကြားခဲ့သည်။

လူဦးရေ ၂၅သန်းသာရှိသော မြောက်ကိုရီးယားတွင် စစ်သားဦးရေ ၁ဒသမ၂သန်းထိရှိပြီး တောင်ကိုရီးယားထက် နှစ်ဆပိုများသည်။

သို့သော်လည်း မြောက်ကိုရီးယား၏ လက်နက်အများစုမှာ ဒိတ်အောက်နေပြီး ကာလရှည်လောင်စာပြတ်လပ်မှုကြောင့် စစ်တပ်၏စွမ်းဆောင်ရည်မှာ များစွာအကန့်အသတ်ရှိနေသည်။

ယင်းသို့ပြတ်လပ်မှုက ကုလသမဂ္ဂ၏ ဒဏ်ခတ်မှုအသစ်များကြောင့် ပိုမိုဆိုးဝါးလာဖွယ်ရှိနေသည်။ လုံခြုံရေးကောင်စီ၏ ပိတ်ဆို့မှုများတွင် မြောက်ကိုရီးယားသို့လောင်တင်ပို့မှုကို ပိတ်ပင်မှုလည်း ပါဝင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly