ပါကစ္စတန်၏ ပြည်နယ် ၂ ခုသို့ ခရီးမသွားရန် နိုင်ငံသားများကို အမေရိကန်အစိုးရ သတိပေး

By Brecorder
13 October 2022
ပါကစ္စတန်၏ ပြည်နယ် ၂ ခုသို့ ခရီးမသွားရန် နိုင်ငံသားများကို အမေရိကန်အစိုးရ သတိပေး

အကြမ်းဖက်ဝါဒနှင့် လူအုပ်စုဖွဲ့ အကြမ်းဖက်မှု၏ အန္တရာယ်များ မြင့်တက်နေမှုကြောင့် ပါကစ္စတန်နိုင်ငံ၏ ဧရိယာတချို့သို့ ခရီးသွားလာခြင်း မပြုရန် အဆိုပါနိုင်ငံရောက် အမေရိကန်နိုင်ငံသားများကို အမေရိကန်အစိုးရက သတိပေးချက် ထုတ်ပြန်ထားသည်။

အကြမ်းဖက်မှုနှင့် ပြန်ပေးဆွဲမှု ဖြစ်စဉ်များ ဖြစ်ပေါ်နိုင်သည့် အလားအလာများ ရှိနေသဖြင့် ပါကစ္စတန်၏ ယခင် ဗဟိုက အုပ်ချုပ်သော မျိုးနွယ်စု ဧရိယာများ (FATA) အပါအဝင် ဘာလိုချီစတန်နှင့် ခိုင်ဘာ ပက်ခ်တွန်ခဝါ ပြည်နယ်များသို့ အမေရိကန်နိုင်ငံသားများ ခရီးမသွားကြရန် အမေရိကန်နိုင်ငံခြားဝန်ကြီးဌာနက အောက်တိုဘာ ၅ ရက်တွင် ထုတ်ပြန်သည့် အဆင့် ၃ ခရီးသွား အကြံပြုချက်တွင် သတိပေးထားသည်။

ထို့ပြင် လက်နက်ကိုင်ပဋိပက္ခ ဖြစ်နိုင်ခြေ ရှိသည့်အတွက် နယ်စပ်ထိန်းချုပ်မျဉ်းအနီး ခရီးသွားလာခြင်း မပြုရန်လည်း အမေရိကန်အစိုးရက ပါကစ္စတန်နိုင်ငံရောက် ၎င်းတို့၏ နိုင်ငံသားများကို သတိပေးခဲ့သည်။

“အကြမ်းဖက်အဖွဲ့တွေဟာ ပါကစ္စတန်မှာ တိုက်ခိုက်မှုတွေကို ဆက်လက် ကြံစည်လုပ်ဆောင်နေပါတယ်။ အကြမ်းဖက်ဝါဒရဲ့ ပြည်တွင်း သမိုင်းကြောင်းနဲ့ အစွန်းရောက် ပုဂ္ဂိုလ်တွေရဲ့ အကြမ်းဖက် အတွေးအမြင် ရည်မှန်းချက်တွေ ဆက်ရှိနေတာက အရပ်သားတွေအပြင် ပြည်တွင်း စစ်ဖက်နဲ့ ရဲတပ်ဖွဲ့ပစ်မှတ်တွေအပေါ် မဆင်မခြင် ပစ်မှတ်ထား တိုက်ခိုက်မှုတွေကို ဦးတည်စေခဲ့ပါတယ်” ဟု အကြံပေးချက်တွင် ဖော်ပြသည်။

အကြမ်းဖက်သမားများသည် သယ်ယူပို့ဆောင်ရေး အချက်အချာနေရာများ၊ ဈေးများ၊ ဈေးဝယ်စင်တာများ၊ စစ်ဖက်ဆိုင်ရာ အဆောက်အအုံများ၊ လေဆိပ်များ၊ တက္ကသိုလ်များ၊ ခရီးသွားနေရာများ၊ ကျောင်းများ၊ ဆေးရုံများ၊ ဘာသာရေးနေရာများနှင့် အစိုးရ အဆောက်အအုံများကို ပစ်မှတ်ထားပြီး ကြိုတင်သတိပေးမှု မရှိဘဲ တိုက်ခိုက်လာနိုင်သည်ဟု ထိုအကြံပေးချက်တွင် ဖော်ပြသည်။

ယခင်ကာလများအတွင်း အကြမ်းဖက်သမားများသည် အမေရိကန်သံတမန်များနှင့် သံတမန်အဆောက်အအုံများကို ပစ်မှတ်ထားခဲ့မှုများ ရှိခဲ့ကြောင်း ထိုအကြံပြုချက်တွင် ဖော်ပြသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly