အာဏာရ တရုတ်ကွန်မြူနစ်ပါတီသည် ရှီကျင့်ဖျင်ကို တတိယသက်တမ်း ၅ နှစ် ပေးအပ်မည်ဟု မျှော်လင့်ရပြီး ရှီသည် ၁၉၇၀ ပြည့်နှစ်များအလွန် မော်စီတုံးခေတ်နောက်ပိုင်း အာဏာအရှိဆုံး တရုတ်ခေါင်းဆောင် ဖြစ်လာမည်ဖြစ်သည်။
သက်တမ်း ၂ ကြိမ် ကန့်သတ်ချက်ကို ၂၀၁၈ ခုနှစ်တွင် ပယ်ဖျက်လိုက်ခြင်းသည် ရှီ၏ တရုတ်နိုင်ငံအပေါ် ချုပ်ကိုင်မှုကို ပိုမိုမြဲမြံစေလိမ့်မည်ဟု BBC က ဖော်ပြခဲ့သည်။ အသက် ၆၉ နှစ်ရှိပြီဖြစ်သော ရှီသည် ကျန်ဘဝတစ်လျှောက်လုံး အာဏာဆက်ရှိနေဦးမည်ဖြစ်သည်။
အဆိုပါ ခန့်အပ်မှုကို အောက်တိုဘာ ၁၆ ရက်မှစ၍ ပေကျင်းမြို့တွင်ကျင်းပမည့် ကွန်မြူနစ်ပါတီ ညီလာခံ်၌ ဆုံးဖြတ်မည်ဖြစ်ပြီး ပါတီသမိုင်းတစ်လျှောက် အရေးပါဆုံးအစည်းအဝေးဖြစ်သည်ဟု BBC က ဆိုသည်။
ရှီကျင့်ဖျင်သည် လက်ရှိအချိန်တွင် တရုတ်ကွန်မြူတစ်ပါတီအကြီးအကဲ အထွေထွေအတွေးရေးမှူးချုပ် အဖြစ်လည်းကောင်း၊ နိုင်ငံ့ခေါင်းဆောင် သမ္မတအဖြစ်လည်းကောင်း၊ လက်နက်ကိုင်တပ်ဖွဲ့များကို ကွပ်ကဲသော တရုတ်ဗဟိုစစ်ကော်မရှင် အကြီးအကဲအဖြစ်လည်းကောင်း ထိပ်တန်း ရာထူး ၃ ခုကို ဆုပ်ကိုင်ထားသည်။
ရှီသည် ၅ နှစ်တစ်ကြိမ်ကျင်းပသော ပါတီညီလာခံ်၌ ပါတီအထွေထွေအတွင်းရေးမှူးချုပ်နှင့် ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ ရာထူးနှစ်ခုကို ဆက်ထိန်းထားဖွယ်ရှိကာ ၂၀၂၃ ခုနှစ် နွေဦးတွင် နှစ်ပတ်လည် ပြည်သူ့ကွန်ဂရက်၌ သမ္မတရာထူး ရနိုင်ဖွယ်ရှိသည်ဟု ဆိုသည်။
ကိုယ်စားလှယ် ၂ ၃၀၀ ခန့်သည် တီယန်နန်မင်ရင်ပြင်ရှိ Great Hall ခန်းမတွင် တစ်ပတ်ကြာ အစည်းအဝေး ကျင်းပမည်ဖြစ်သည်။ ၎င်းတို့အနက် ကိုယ်စားလှယ် ၂၀၀ ကို ပါတီဗဟိုကောင်မတီဝင်အဖြစ် ရွေးချယ်ကာ ၁၇၀ ဦးခန့်ကို အလှည့်ကျအဖွဲ့ဝင်အဖြစ် ရွေးချယ်မည်ဖြစ်သည်။
ဗဟိုကော်မတီသည် ပေါ်လစ်ဗျူရိုအတွက် ကိုယ်စားလှယ် ၂၅ ဦးရွေးချယ်ကာ ပေါ်လစ်ဗျူရိုက ပေါ်လစ် ဗျူရိုအမြဲတမ်း ကော်မတီအဖွဲ့ဝင်များကို ခန့်အပ်မည်ဖြစ်သည်ဟု BBC က ဖော်ပြသည်။
ရှီသည် တတိယ ၅ နှစ်သက်တမ်းတွင် ပိုမိုအာဏာရှင်ဆန်သော နိုင်ငံရေးရပ်တည်ချက်ဘက်သို့ တရုတ်ကို တွန်းအားပေးဖွယ်ရှိကြောင်း လေ့လာသူအချို့က သုံးသပ်ကြသည်။