တပ်မတော် (ရေ) လေ့ကျင့်ခန်းအား စစ်ဆေးရန် ကိုကိုကျွန်းသို့ ကာချုပ်ရောက်ရှိ

တပ်မတော် (ရေ) လေ့ကျင့်ခန်းအား စစ်ဆေးရန် ကိုကိုကျွန်းသို့ ကာချုပ်ရောက်ရှိ
Photo credit - Myanmar NAVY

ဖေဖော်ဝါရီ ၂၇ ရက် ။           ။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် တပ်မတော် (ရေ) ၏ Combined Fleet Exercise (Sea Shield2016) လေ့ကျင့်ဆောင်ရွက်မှုကို     ကြည့်ရှုစစ်ဆေးရန် ဖေဖော်ဝါရီလ ၂၆ ရက်နေ့ နံနက်ပိုင်းတွင် ကိုကိုးကျွန်းသို့ ရောက်ရှိခဲ့ကြောင်း သိရသည်။

ဗိုလ်ချုပ်မှူးကြီးသည် တပ်မတော် (ရေ) မှ ကိုယ်တိုင်တည်ဆောက်ခဲ့သော Stealth နည်းပညာသုံး Frigate စစ်ရေယာဉ် ဆင်ဖြူရှင် (F-14) ဖြင့် ဖေဖော်ဝါရီ ၂၅ ရက်နေ့ ညနေပိုင်းတွင် ရန်ကုန်မြို့မှ ထွက်ခွာခဲ့သည်ဟု တပ်မတော် (လေ) ၏ လူမှုကွန်ယက် စာမျက်နှာတွင် ဖော်ပြထားသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အတူ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ပူးတွဲတာဝန် ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဒုတိယဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူးတို့ လည်း အဖွဲ့ဝင်များအဖြစ် အတူလိုက်ပါကြသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အဖွဲ့သည် Sea Shield 2016 လေ့ကျင့်ခန်း အစီအစဉ်များအား ရေတပ်သားများနှင့် အတူလိုက်ပါ၍ အနီးကပ်ကြည့်ရှုသွားမည်ဖြစ်ပြီး၊ တပ်မတော် (ရေ) ၏ အဏ္ဍဝါဒိုင်း လေ့ကျင့်ခန်းကို ဖေဖော်ဝါရီ ၂၇ ရက် နေ့ နံနက်ပိုင်းတွင် စတင်နေပြီဟု သိရသည်။

ဖေဖော်ဝါရီ ၂၅ ရက် ရန်ကုန်မြို့မှ စစ်ရေယာဉ် ဆင်ဖြူရှင်ဖြင့် ထွက်ခွာလာစဉ်ကလည်း စစ်ရေယာဉ်ပေါ်ရှိ Conference Room ၌ တပ်မတော် (ရေ) ၏ ပင်လယ်ပြင်လုံခြုံရေးနှင့် စိုးမိုးရေး   ဆောင်ရွက်နေမှုအခြေအနေများကို ကာကွယ်ရေး ဦးစီးချုပ် (ရေ) က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် အဖွဲ့အား ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သတ်မှတ်ထားသည့် ရေပြင်အလိုက် လေ့ကျင့်ခန်းများဆောင်ရွက်ရေး၊ ဌာနချုပ်အလိုက် အုပ်ချုပ်ထောက်ပံ့မှုကိစ္စရပ်များ ပြည့်စုံစွာ ဖြည့်ဆည်းပေးရေး၊ တပ်မတော် (လေ) နှင့် ပူးပေါင်း လေ့ကျင့် ခန်း၊ ကြည်း၊ ရေ၊ လေ ပူးပေါင်းလေ့ကျင့်ခန်းများ ဆောင်ရွက်ရေးနှင့် Simulator နှင့် လေ့ကျင့်ခြင်း၊ မြန်မာ့ပင်လယ်ပြင်ကို တပ်မတော် (ရေ) ၏ အသင့်ဖြစ်မှု ၃ ရပ်ဖြင့် လုံခြုံစွာကာကွယ်နိုင်ရေးတို့ဆောင်ရွက်ရန် မှာကြားခဲ့သေးသည်။

တပ်မတော် (ရေ) ၏ Combined Fleet Exercise (Sea Shield) လေ့ကျင့်ခန်းများကို ၂၀၁၄ ခုနှစ်မှစ၍ နှစ်စဉ် လေ့ကျင့်ဆောင်ရွက်လျက်ရှိပြီး ရေတပ်ဆိုင်ရာစစ်ရေးလေ့ကျင့်ခန်း Sea Shield 2016 အား ကိုကိုးကျွန်းရေပြင် တစ်ဝိုက် တွင် ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှ မတ်လ ၂ ရက်နေ့အထိ သတင်းထုတ်ပြန်၍ လေ့ကျင့်ဆောင်ရွက်လျက်ရှိပါသည်။

လေ့ကျင့်ခန်းဧရိယာအစသည် ရန်ကုန်မြို့နှင့်မိုင် ၂၀၀ ကျော်ကွာဝေးသည့်အပြင် လေ့ကျင့်ခန်းရေပြင်ဧရိယာ၏ အရှေ့-အနောက်၊ တောင်-မြောက် သတ်မှတ်ချက်သည် မိုင် ၅၀ ကျော်ရှိသည်။

ယင်းစစ်ရေးလေ့ကျင့်ခန်းသည် လက်နက်စနစ်များ လေ့ကျင့်ပစ်ခတ်ခြင်းသီးသန့်မဟုတ်ပဲ အခြားသော ရေတပ်ဆိုင်ရာ လေ့ကျင့်မှုများစွာ ပါဝင်သည်ဟုလည်း တပ်မတော် (ရေ) က ဖော်ပြသည်။ ရေပြင်ပစ် လက်နက်များသာ အများဆုံးဖြစ်ပြီး လက်နက်များ၏ထိရောက်မှုမှာ ပစ်မှတ်အရွယ်အစား / အမျိုးအစားနှင့် ညီမျှသောထိရောက်မှုသာရှိပြီး ထိရောက်မှု အကျယ်နှင့်အနက်မှာလည်း လေ့ကျင့်ခန်းဧရိယာအတွင်းရှိ ပစ်မှတ်သတ်မှတ်ထားသော ရေပြင်တွင်သာ အကျိုး သက်ရောက်မှုရှိပါသည်။ ထို့ပြင် အသံနှင့်တုန်ခါမှုကိုလည်း ပစ်မှတ်ရှိရာနေရာတွင်သာ ခံစားသိရှိနိုင်မည်ဖြစ်သည်။

သတ်မှတ်ဧရိယာဖော်ပြ၍ စစ်ရေယာဉ်တပ်ပေါင်းစု ပင်လယ်ပြင်စစ်ဆင်မှုလေ့ကျင့်ခန်း ဆောင်ရွက်မည်ကို အပြည်ပြည်ဆိုင်ရာရေကြောင်းအဖွဲ့အစည်းများ၊ သက်ဆိုင်ရာ စစ်သံရုံးများ၊ ပြည်တွင်းသတင်းဌာနများမှ ကြိုတင် သတင်းထုတ်ပြန် အကြောင်းကြားခဲ့ပြီး ဖြစ်သော်လည်း၊ ဖေဖော်ဝါရီ ၂၅ ရက်နေ့ ညနေပိုင်းက လေ့ကျင့်မည့်နေရာသို့ အမျိုးအစားစိစစ်ဆဲ မြန်နှုန်းမြင့် လေယာဉ် ၃ စီး ဝင်ရောက်ပျံသန်းခဲ့သည်ဟု တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားသည်။

တပ်မတော်(ရေ) လေ့ကျင့်ခန်းဆောင်ရွက်ရာတွင် အမြောက်၊ ဒုံးပျံ ပစ်ခတ်လေ့ကျင့်မှုများပါရှိသဖြင့် "မလိုလားအပ်သော ဖြစ်စဉ်များ" မဖြစ်ပေါ်စေရေး ထပ်မံအသိပေးကြောင်းကြားသွားမည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly