ရီးယဲလ်မက်ဒရစ်နဲ့အတူ အောင်မြင်မှုရပြီးနောက် ဘလွန်းဒီအော်ဆုကို ဆွတ်ခူးဖို့ ဘင်ဇီမာ မျှော်လင့်ထား

ရီးယဲလ်မက်ဒရစ်နဲ့အတူ အောင်မြင်မှုရပြီးနောက် ဘလွန်းဒီအော်ဆုကို ဆွတ်ခူးဖို့ ဘင်ဇီမာ မျှော်လင့်ထား
Photo: EPA

ကာရင် ဘင်ဇီမာဟာ တနင်္လာနေ့မှာ ပြင်သစ်နိုင်ငံ ပါရီမြို့ အခမ်းအနားတစ်ခုမှာ ဘလွန်းဒီအော် (Ballon d'Or) ဆုကို ဆွတ်ခူးဖို့ ရေပန်းအစားဆုံးဖြစ်ပြီး လွန်ခဲ့တဲ့ ရာစုနှစ် လေးပုံတစ်ပုံနီးပါးခန့်က ဇီဒန်းနောက်ပိုင်း ဘောလုံးလောကမှာ ဂုဏ်သိက္ခာအရှိဆုံး တစ်ဦးချင်းဆုကို ရယူနိုင်တဲ့ ပထမဆုံး ပြင်သစ်နိုင်ငံသား ဖြစ်လာမှာ ဖြစ်ပါတယ်။

ဆန်ခါတင် ၃၀ ဦးရှိပေမယ့် ရီးယဲလ်မက်ဒရစ်တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ရာသီက သူ့အသင်းကို ချန်ပီယံလိဂ်နဲ့ လာလီဂါဖလားတွေ ဆွတ်ခူးနိုင်စေဖို့ စွမ်းဆောင်ပေးပြီးနောက် အခုလို ရေပန်းစာနေတာပါ။

ဘင်ဇီမာဟာ သူ့ရဲ့အသင်းအတွက် ချန်ပီယံလိဂ်မှာ ၁၅ ဂိုးအပါအဝင် ၄၆ ပွဲမှာ ၄၄ ဂိုးသွင်းထိ အံ့သြဖွယ်သွင်းယူပြနိုင်ခဲ့သူဖြစ်ပါတယ်။

သူ့ရဲ့ ဂိုးတွေထဲမှာ ၁၆ သင်းရှုံးထွက်အဆင့်မှာ ပီအက်စ်ဂျီနဲ့ ဒုတိယပိုင်း ၁၇ မိနစ်မှာ ဟက်ထရစ်သွင်းယူနိုင်ခဲ့သလို ကွာတားဖိုင်နယ် ပထမအကျော့မှာ ချယ်လ်ဆီးကို အဝေးကွင်းမှာ နောက်ထပ် ဟက်ထရစ်သွင်းယူနိုင်ခဲ့ပါတယ်။ မန်စီးတီးနဲ့ ဆီမီးဖိုင်နယ် နှစ်ကျော့ပေါင်းမှာ ၃ ဂိုး ထပ်မံသွင်းယူနိုင်ခဲ့ပါတယ်။

ဘင်ဇီမာဟာ သြဂုတ်လက UEFA တစ်နှစ်တာအကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်ခံခဲ့ရပြီး လာမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့အတူ သူ့ရဲ့ကစားသမားဘဝအတွက် အံ့သြဖွယ်ကောင်းတဲ့ ရာသီတစ်ခုကို ဖြတ်သန်းလျက်ရှိပါတယ်။

သူ့ရဲ့ လက်ရွေးစင်အသင်းဖောင်ဟောင်း ဗယ်လ်ဘူနာကို လိင်ကိစ္စနဲ့ ပတ်သက်တဲ့ ဗီဒီယိုတစ်ခုကို အကြောင်းပြပြီး ငွေညှစ်ဖို့ ကြိုးပမ်းခဲ့မှုမှာ ပါဝင်ပတ်သက်မှုကြောင့် ပြင်သစ်အသင်းကနေ ငါးနှစ်ခွဲကြာ အပယ်ခံဖြစ်ခဲ့ရသူ ဘင်ဇီမာဟာ အသက် ၃၅ နှစ်မှာ သူ့ရဲ့ကစားသမားဘဝ အကောင်းဆုံးဘောလုံးကို ကစားနေသလို ကမ္ဘာ့ဖလား ဖိုင်နယ်ပွဲပြီးတဲ့နေ့မှာ မွေးနေ့ နီးကပ်လာပြီလည်းဖြစ်ပါတယ်။

"ကျနော့်အတွက် ဘာက အရေးကြီးဆုံးလည်းဆိုတော့ ဆုဖလားတွေ စုပေါင်းဖို့ပါပဲ။ ကွင်းထဲမှာ ကောင်းကောင်းလုပ်ပြနိုင်ရင် တစ်ဦးချင်းဆုတွေက လိုက်လာမှာပါ" လို့ ဘင်ဇီမာက မကြာသေးမီက ထောက်ပြခဲ့ပါတယ်။

ပြင်သစ်မြို့တော်က Chatelet ပြဇာတ်ရုံမှာ သူ့ရဲ့အာင်ပွဲဟာ မလွဲမသွေဖြစ်လာပုံရပါတယ်။

“သူတို့က ဒါကို မပယ်ဖျက်ဘူးဆိုရင်တော့ သူ ဒီ Ballon d'Or ကို ဆွတ်ခူးနိုင်လိမ့်မယ်”လို့ ဘာစီလိုနာ တိုက်စစ်မှူး ရောဘတ်လီဝန်ဒေါစကီးက အခုသီတင်းပတ်မှာ ပြောပါတယ်။

ကပ်ရောဂါကြောင့် ၂၀၂၀ ဆုကို ဖျက်သိမ်းမခံရပါက အဲဒီနှစ်ဆုကို သေချာပေါက်ရမယ့်သူ ပိုလန်သားရဲ့ နောက်ပြောင်ခဲ့တဲ့ တစ်ခုဖြစ်ပါတယ်။

(AFP)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly