တရုတ်တွင် ရက်ရှည်အားလပ်ရက်အပြီး ကိုဗစ်-၁၉ ကူးစက်မှု မြင့်တက်လာခြင်းကြောင့် အသွားအလာ ပိတ်ဆို့မှုများချမှတ်

တရုတ်တွင် ရက်ရှည်အားလပ်ရက်အပြီး ကိုဗစ်-၁၉ ကူးစက်မှု မြင့်တက်လာခြင်းကြောင့် အသွားအလာ ပိတ်ဆို့မှုများချမှတ်

တရုတ်နိုင်ငံ၌ လာမည့်သီတင်းပတ်တွင် ကျင်းပမည့် ကွန်မြူနစ်ပါတီအစည်းအဝေးမတိုင်မီ သီတင်းတစ်ပတ်ကြာ အားလပ်ရက်အတွင်း နေ့စဉ် ကိုဗစ်-၁၉ ကူးစက်မှု ၃ ဆခန့် မြင့်တက်လာပြီးနောက် မြို့ကြီးများတွင် အသွား အလာများ ရုတ်ချည်းပိတ်ဆို့ကာ ခရီးသွားလာမှုကို ကန့်သတ်လိုက်သည်။

မြောက်ပိုင်း ရှန်ရှီးပြည်နယ် ဖန်ယန်းမြို့တွင် အောက်တိုဘာ ၉ ရက်က အတည်ပြုလူနာတစ်ဦး တွေ့ရှိပြီးနောက် အောက်တိုဘာ ၁၀ ရက်မှစ၍ အသွားအလာပိတ်ဆို့လိုက်ကြောင်း နိုင်ငံပိုင်ရုပ်သံလွှင့်ဌာန CCTV က ကြေညာခဲ့သည်။

အတွင်းမွန်ဂိုးလီးယားဒေသ မြို့တော် ဟွန်းဟော့တွင် အောက်တိုဘာ ၁၁ ရက်မှစ၍ မြိုတွင်းသို့ ပြင်ပမှယာဉ်များနှင့် ခရီးသည်များဝင်ရောက်ခြင်းကို တားမြစ်ထားသည်။ ဟွန်းဟော့မြို့သည် ၁၂ ရက်ခန့်အတွင်း ရောဂါအတည်ပြုလူနာ ၂ ၀၀၀ ကျော်ရှိခဲ့သည်။

တရုတ်သည် ရောဂါပြန့်ပွားမှုကို ထိန်းချုပ်ရန် ပြင်းထန်သော စီမံချက်များ ကျင့်သုံးဆဲဖြစ်သော နိုင်ငံအနည်းစု အနက် တစ်နိုင်ငံဖြစ်သည်။ ကာလရှည်ကြာ အာဏာရလာသော ကွန်မြူနစ်ပါတီသည် အထူးသဖြင့် အောက်တိုဘာ ၁၆ ရက်တွင် စတင်မည့် ၅ နှစ်တစ်ကြိမ် ကျင်းပသော ပါတီကွန်ဂရက်၌ အပြုသဘော ဆောင်သော ပုံရိပ်ကို ပြသရန် ကြိုးပမ်းနေချိန်တွင် စိုးရိမ်မှုများရှိလာသည်။

အာဏာပိုင်များသည် ပြည်သူများအား မြို့ကြီးများနှင့် ပြည်နယ်များမှမထွက်ရန် ညွှန်ကြားခဲ့ပြီး အောက်တိုဘာလ ၁ ရက်မှစတင်သော အမျိုးသားနေ့အားလပ်ရက်ရှည်အတွင်း ခရီးစဉ်များ နည်းပါးခဲ့သည်။ သို့သော် နေ့စဉ်ရက်ဆက်ကူးစက်မှုများသည် အားလပ်ရက်စချိန်က ၆၀၀ သာရှိရာမှ ၁ ၈၀၀ အထိ မြင့်တက် လာခဲ့သည်။

နိုင်ငံတစ်ဝန်းလုံးတွင် ကိုဗစ်ကူးစက်မှုများဖြစ်ပွားနေပြီး အတွင်းမွန်ဂိုလီးယားနှင့် အနောက်ဘက်စွန်း ရှင်ကျန်းဒေသတို့သည် ကူးစက်မှုအများဆုံးဖြစ်သည်။ နေ့စဉ်ကူးစက်သူပေါင်း ရာဂဏန်းခန့်ရှိသည်။

ယခုနှစ်အစောပိုင်းက အချိန်အတော်ကြာ ပိတ်ဆို့ခံခဲ့ရသော ရှန်ဟိုင်းနှင့် မြို့တော် ပေကျင်းတို့တွင် ကူးစက်မှုအနည်းရှိသော်လည်း တဖြည်းဖြည်း များပြားလာသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly