အာဖဂန်မှာ တရုတ်ရင်းနှီးမြှုပ်နှံမှုအတွက် ကတိတွေ ပျက်တော့မှာလား

အာဖဂန်မှာ တရုတ်ရင်းနှီးမြှုပ်နှံမှုအတွက် ကတိတွေ ပျက်တော့မှာလား

အာဖဂန်နစ္စတန်တွင် အခြေခံအလုပ်များ ရှေ့မဆက်နိုင်ဘဲ နိုင်ငံ့သယံဇာတများ အမြတ်ထုတ်ခံနေရသောကြောင့် တာလီဘန်အရာရှိများနှင့် အာဖဂန်စီးပွားရေးအသိုက်အဝန်းသည် နိုင်ငံအတွင်းရင်းနှီးမြှုပ်နှံမည်ဆိုသော တရုတ်၏ အတုအယောင်ကတိများကို စိတ်ဆိုးဒေါသထွက်လျက်ရှိသည်ဟု ဒေသတွင်းမီဒီယာ Afghan Diasporaကဖော်ပြသည်။

အာဖဂန်သည် အရှေ့တာကစ္စတန်အစ္စလာမ္မစ်လှုပ်ရှားမှု (ETIM) နှင့် ဆက်စပ်သော အစွန်းရောက်အဖွဲ့များ အတွက် ခိုကိုးရာဖြစ်လာမည်ကို တရုတ်က စိုးရိမ်နေခြင်းသည် တာလီဘန်အတွက် စိတ်အနှောက်အယှက် များစွာဖြစ်စေသည်။ ရှင်ကျန်းဒေသမှ ETIMလှုပ်ရှားမှုက အာဖဂန်နစ္စတန်ကို လွှမ်းမိုးသွားမည်ကို တရုတ်က ယခုအခါ ကြောက်ရွံ့နေသည်။

အာဖဂန်နစ္စတန်၏ စီးပွားရေးသည် ယိုင်နဲ့နေပြီးသားဖြစ်သည်။ အာဏာရ တာလီဘန် ဦးဆောင်သော အစိုးရကို နိုင်ငံတကာ အသိုင်းအဝိုင်းက အသိအမှတ်မပြုပေ။ အာဖဂန်နစ္စတန်၏ နိုင်ငံရပ်ခြားရှိ ရန်ပုံငွေများမှာလည်း ထိန်းချုပ်ခံထားရသည်။ ထိုအခြေအနေမျိုးတွင် တရုတ်၏ ရင်းနှီးမြှုပ်နှံမှုသည် တာလီဘန်အတွက် မျှော်လင့်ချက်ရောင်ခြည်တစ်ခုပင်ဖြစ်သည်။

သို့သော် ကတိပြုထားခြင်းနှင့် နိုင်ငံအတွင်း အမှန်တကယ်ရင်းနှီးမြှုပ်နှံမှုသည် တခြားစီပင်ဖြစ်သည်။ အာဖဂန်များသည် ငတ်မွတ်ခေါင်းပါးမှုနှင့် ဆက်လက်ရင်ဆိုင်နေရချိန်တွင် တရုတ်ရင်းနှီးမြှုပ်နှံမှုအားလုံးသည် အချိန်ဆွဲလျက်ရှိသည်။

အမေရိကန်ဆုတ်ခွာပြီးနောက် ဖြစ်ပေါ်ခဲ့သော ဟာကွက်များကို တရုတ်က ရင်းနှီးမြှုပ်နှံမှုဖြင့် ဖြည့်ဆည်းမည်ဟု ကတိပြုထားသော်လည်း ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ လှုပ်ရှားမှုများ မရှိပေ။

အာဖဂန်နစ္စတန်သည် သယံဇာတ ပေါကြွယ်ဝသည့် နိုင်ငံဖြစ်ပြီး တရုတ်က ၎င်းသယံဇာတများကို အသုံးချနေသည်။ တရုတ်သည် အာဖဂန်နစ္စတန်၏ မြေရှားသတ္တုအပါအဝင် အမေရိကန်ဒေါ်လာ ၁ ထရီလီယံမှ ၃ ထရီလီယံ တန်ဖိုးရှိ သတ္တုသိုက်များကို အမြတ်ထုတ် အသုံးချနေသည်။ အမေရိကန်ဘူမိဗေဒစစ်တမ်းအရ အာဖဂန်နစ္စတန်တွင် သဘာဝဓာတ်ငွေ့ ၁၆ ထရီလီယံ ကုဗပေ၊ သဘာဝဓာတ်ငွေ့ရည် စည် ၅၀၀ ဘီလီယံနှင့် ရေနံစိမ်းစည်ပေါင်း ၁ ဒသမ ၆ ထရီလီယံ ရှိသည်။ သယံဇာတပေါကြွယ်ဝသော အာဖဂန်နစ္စတန်နှင့် ချိတ်ဆက်ခြင်းသည် တရုတ်နိုင်ငံ၏ စီးပွားရေး ရည်မှန်းချက်များကို ဖြည့်ဆည်းပေးနိုင်ပေလိမ့်မည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required