မြန်မာနိုင်ငံရဲ့ ဗင်းနစ်မြို့တော်

27 February 2016
မြန်မာနိုင်ငံရဲ့ ဗင်းနစ်မြို့တော်

နယ်မြေဒေသတည်ငြိမ်အေးချမ်းမှုဟာဒေသတစ်ခုဖွံ့ဖြိုးတိုးတက်ဖို့အတွက် အရေးပါလှတဲ့ အကြောင်းရင်းတစ်ရပ်လို့ ဆိုနိုင်ပါတယ်။ အခုရသများနဲ့ခရီးစဉ်မှာတင်ဆက်ပေးခဲ့တဲ့ အင်းလေးဒေသဟာလည်းတည်ငြိမ်အေးချမ်းပြီးဒေသခံတွေဟာဘာသာတရားကိုင်းရှိုင်းကြသူတွေ… ယဉ်ကျေးကြသူတွေဆိုတာတွေ့ခဲ့ရပါပြီ။

ပြီးတော့ နောင်အင်းလေးသီချင်းထဲမှာဖွဲ့ဆိုခဲ့တဲ့အတိုင်း ကြည့်လေရာမှာငွေသင်ဖြူးလေးခင်းထားသလိုလို…   နေရောင်အောက်မှာတလက်လက်ထနေတဲ့   ရေပြင်ကျယ်ကျယ်က   တောင်ပတ်လည်ကြားမှာရှုမျှော်လို့ မဆုံးနိုင်အောင်ပါပဲ။

ရေပေါ်မှာအိမ်ကလေးတွေ ဆောက်ထားတာကလည်းအစီအရီနဲ့။ ဒါကြောင့် ကမ္ဘာလှည့်ခရီးသည်တွေကအင်းလေးကို မြန်မာနိုင်ငံရဲ့ ဗင်းနစ်မြို့တော်လို့ တင်စားကြတာဖြစ်ပါလိမ့်မယ်။

ဒီနေရာမှာနေထိုင်ကြသူတွေရဲ့ နေထိုင်မှုပုံစံဟာလည်း အရမ်းကိုစိတ်ဝင်စားစရာကောင်းနေပါသေးတယ်။ သိချင်စိတ်ရဲ့စေ့ဆော်မှုကြောင့် ဒီနေ့တော့ ဒေသခံအိမ်တွေဆီကိုသွားလည်ဖို့ ကျွန်မဆုံးဖြတ်လိုက်ပါပြီ။

အိမ်ထောင့်ကြီးရွာက ဒေသခံအိမ်တစ်အိမ်ကိုသွားတဲ့လမ်းတစ်လျှောက် ကျွန်မကိုစွဲဆောင်နေတာကခြေတံရှည်အိမ်လေးတွေ … ကျွန်းမျောတွေပါပဲ။ တချို့အိမ်တွေကအိမ်ကြီးအိမ်ကောင်းတွေ … တချို့အိမ်ကတော့ ဝါးလုံးလေးတွေပူးချည်လို့ ဆောက်ထားတဲ့ သာမန်အိမ်လေးတွေ … ဒါပေမဲ့ အားလုံးကတော့ ရေပြင်အထက်မှာ ၆ ပေလောက်ပေါ်နေတဲ့ ခြေတံရှည်ရှည်တိုင်ကိုယ်စီနဲ့ အိမ်တွေဖြစ်နေတာကိုသတိထားမိပါတယ်။ ဘာကြောင့် အဲ့ဒီလို ဖြစ်နေရတာလဲ။  ဒါတွေဟာရိုးရာအိမ်ဆောက်နည်းပုံစံပဲလား။

(လက်သမားဆရာဦးသန်းမောင် - ရေပြင်ဟာ ငါးပေခွဲ ခြောက်ပေးလောက်ပဲရှိတယ်။ အဲရေက အောက်မှာဆိုရင် ရွံ့နွံ့တွေပေါ့။ အဲတော့ ဝါးတိုင်ကို ထောင်ပြီးတော့မှ လူနဲ့ အဲတင်းကို ထောင်ပြီးတော့မှ ဆယ်ယောက် လေးငါးရှစ်ယောက် အဲတာကို ဝိတ်နဲ့ ဖိချရတာပေါ့ ဝိတ်နဲ့ဖိချပြီးတော့မှ သူက အဲအပေါ်မှာ ငါးပေအိမ်ဆောက်မယ်ဆိုရင် ငါးပင်လုံး တန်းနေအောင် အောက်မှာ အကွက်လေးချပြီး အဲပေါ်မှာ ထိုးစိုက်တယ်။ ရေပေါ်မှာဘယ်လောက်ပေါ်ပြီးရေအောက်ကိုဘယ်လောက် ထိုးစိုက်ထားကြောင်း။ စုစုပေါင်း ၃၁ ပေလောက် အိမ်အမြင့်ရှိကြောင်း။လူ ၃၀ - ၄၀ လောက်က ဝိုင်းဖိပြီး တိုင်ကိုထိုးသွင်းရတာဖြစ်ကြောင်း။)

ဒီဒေသမှာအိမ်တစ်အိမ်ဆောက်တော့မယ် ဆိုရင် လူအင်အားတော်တော်သုံးရမှာပါ။ ဘာကြောင့်လဲဆိုတော့ ရေအောက်ရွှံ့နွံထဲကိုထိုးဖောက်ပြီးအိမ်တိုင်တွေစိုက်ထူဖို့က အင်အားအများကြီးလိုနေလို့ပါ။ ဒါကြောင့်လည်းအင်းတိုင်းရင်းသားတို့ရဲ့ လူနေမှုဘဝပုံစံထဲမှာ အချိန်ပေးပြီးလုပ်အား ကူညီတယ်ဆိုတာ တည်ရှိနေတာပါ။

တစ်ဦးအိမ်ဆောက်နေချိန်မှာ လာရောက်ကူညီခဲ့သူတွေကို သူတို့အိမ်ဆောက်တဲ့အခါမှာလည်း တခြားသူတွေကလာရောက်ကူညီပေးကြပါတယ်။ တစ်ရွာလုံး၊တစ်ရပ်ကွက်လုံးရဲ့ လုပ်အားနဲ့ အိမ်တည်ဆောက်ကြတဲ့သဘောမျိုးပါပဲ။ ဒါဟာအင်းတိုင်းရင်းသားတို့ရဲ့ ညီညွတ်မှုကို ပြသနေတဲ့ ချစ်စရာဓလေ့တစ်ခုလည်း ဖြစ်နေဆဲပါ။

ဟော … ကျွန်မတို့အဖွဲ့သားတွေ အလည်အပတ်သွားမယ့် အိမ်ကိုရောက်ပါပြီ …။ ဒီအိမ်လည်းခြေတံရှည်အိမ်လေးပါပဲ။ အိမ်လှေခါးအရင်းမှာစက်လှေဆိုက်ကပ်လို့ရအောင် လုပ်ထားပါတယ်။ အိမ်ပေါ်တက်တဲ့လှေခါးတွေကတော့ နည်းနည်းမြင့်တာကိုသတိထားမိပါတယ်။ လက်သမားဆရာကြီးကတော့ အင်းသားရိုးရာအိမ်တွေဟာလှေခါးကို မဂဏန်းနဲ့ပဲဆောက်လုပ်ကြတဲ့အယူအဆတစ်ခု ရှိတယ်လို့ ဆိုပါတယ်။

ကျွန်တော်တို့ အင်းသား အယူကြတော့ အနိမ့်အမြင့်ကို စုံမထားဘူး။ ဒီတိုင်ဟာ ဥပမာ ပေသုံးဆယ်ရှိတယ်ဆိုရင် ကျွန်တော်က ခြောက်ခုနဲ့စားမယ်။ အဲစားလို့ မဂဏန်းကြွင်းလို့ရှိရင် အကောင်းကြီးပဲ ယူဆတယ်။  

အိမ်ရှင်တွေကတော့ ဧည့်သည်တွေကိုနေ့လည်စာနဲ့ ဧည့်ဝတ်ပြုဖို့အတွက် ပြင်ဆင်နေပါတယ်တဲ့ ..။

ကျွန်မတော့ အင်းသားရိုးရာထမင်းဟင်းစစ်စစ်ကို မြည်းစမ်းကြည့်ဖို့ အခွင့်အရေးရလိုက်ပါပြီ။ ဒါတွေကအင်းသားတိုင်းရင်းသားတို့ နိစ္စဓူ၀ ချက်ပြုတ်စားသောက်လေ့ရှိတဲ့ ဟင်းအမယ်တွေလို့ ဆိုပါတယ်။ ဆေးခါးဟင်းရည် … ခရမ်းချဉ်သီးအစိမ်းသုပ် … ကျောက်ငါးနဲ့ ငရုတ်သီးအစပ်ချက် … ဆန်လုံးကြော် … စုံလို့ပါပဲ။

ရှေးလူကြီးသူမတွေနဲ့ စကားစမြည် ပြောရတာဟာလည်း သမိုင်းစာမျက်နှာတွေကို နောက်ပြန်လှန်ကြည့်နေရသလိုတန်ဖိုးရှိလှပါတယ် …။ ပြီးတော့ ကျွန်မအဖို့ အရမ်းကိုသိချင်နေတဲ့ကိစ္စတစ်ခုရှိနေပါသေးတယ်။

ကုန်းပေါ်မှာနေကြတဲ့သူတွေကတော့ နာရေးဖြစ်တဲ့အခါ သေဆုံးသူခန္ဓာကိုမီးရှို့တာဒါမှမဟုတ် ဂူသွင်းတာမျိုးကိုပြုလုပ်ကြပါတယ်။ ရေထဲမှာနေသူတွေ နာရေးဖြစ်တဲ့အခါမှာဆိုရင်ရော။

လူတွေကို ကျွန်မျှောပေါ်မှာပဲ မြှုပ်ကြတယ်။ ရွာနဲ့တော်တော်ဝေးပါတယ်။ အဲမှာ သုဿန်လိုမျိုး ရှိတာပေါ့။ ဟိုရှေ့က ဘိုးဘွားတွေ လက်ထက်ကတည်းက ရှိတာပါ။

ဒီနေ့လေးကိုတော့ ကျွန်မအမြဲတမ်းသတိရနေတော့မှာပါ။ တစ်နိုင်ငံတည်းမှာနေထိုင်နေကြတဲ့ တိုင်းရင်းသားမိသားစုနဲ့ နွေးထွေးစွာထမင်းလက်ဆုံစားခွင့် ရခဲ့သလိုအင်းလေးဒေသရဲ့ အခက်အခဲတွေ … ရှေးဟောင်းနှောင်းဖြစ်တွေကိုလည်းသိခွင့်ရခဲ့လိုက်တယ်လေ..။

ပြောဖြစ်ကြတဲ့အထဲမှာမှတ်မှတ်ရရဖြစ်နေတာတစ်ခုကတော့ အင်းလေးကန်ရေနဲ့အတူဖက်မွေးလာကြတဲ့ ဒေသခံတွေရဲ့ ကျွမ်းကျင်မှုတစ်ခုအကြောင်းပါ။

(ကလေးတွေကိုရေကူးတတ်မှ ကျောင်းအပ်လက်ခံကြောင်း။)

နောက်တစ်ခုကတော့ ရေခြံမှာစိုက်ထားတဲ့ ခရမ်းချဉ်သီးခင်းမှာခရမ်းချဉ်သီးတွေကို လတ်လတ်ဆတ်ဆတ် သွားခူးခဲ့တာကိုပါ။ အင်းသီးလို့ခေါ်တဲ့ ခရမ်းချဉ်သီးဆိုတာဟာ အင်းသားတွေနဲ့တွဲဖက်လို့ နာမည်ကျော်တဲ့ သီးနှံတစ်ခုပါ။ ကြည့်လိုက်ရင် တစ်မျှော်တစ်ခေါ်နဲ့ အတန်းလိုက် ရှည်မျောမျောတည်ရှိနေတဲ့ ကျွန်းမျှောတွေပေါ်မှာ စိုက်ပျိုးထားကြတာပါ။

စိုက်လို့အောင်မြင်ခြင်းကတော့ ကျွန်းမျှောကိုတော့ ဟိုဘက်ကပဲ ဖြတ်ယူရတာပေါ့နော်။ ဖြတ်ယူပြီးတော့ ဒီခြံထဲကို ယူလာပြီးတော့မှ မြေကြီးနဲ့ ပြန်ပြီး စိုက်တာ ခင်ဗျ။ စိုက်တဲ့ အချိန်နဲ့ အသီးခူးတဲ့ အချိန်ကတော့ ရက်ပေါင်း ၈၀ လောက်ကြာတယ် ခင်ဗျ။ ကြာပြီးမှ အသီးစခူးရတယ် ခင်ဗျ။

ဒီအင်းသီးတွေဟာအင်းသားတို့ရဲ့ အဓိကကျတဲ့စီးပွားရေးလုပ်ငန်းတစ်ခုပါပဲ။

ခရမ်းချဉ်သီးက အင်းဒေသမှာ တစ်နှစ်လုံးပေါတာ။ ၁၂ လလုံးပေါတယ်။ ၁၂လလုံး ဆွတ်လို့ရတယ်။ ဈေးအတက်ကျကတော့ ရာသီဥတု နယ်မြေပေါ်မှာ ကွာသွားတာပေါ့နော်။

အထွက်နှုန်းတွေကတော့ ရာသီဥတုပေါ်မှာလည်း မူတည်တာပေါ့နော်။ ကျွန်တော်တို့က နိုင်ငံခြားက လာတဲ့ အထုပ်မျိုးတွေပဲ သုံးကြတော့ အဲတော့ အမျိုးစားလည်း ဆုံတာကိုး။ အဲတော့ မျိုးစိတ်အရည်သွေးလိုက် အထွက်နှုန်းကွာသွားတာပေါ့နော်။

မိတ္ထိလာတို့ မန္တလေးတို့ တောင်ကြီး ဒီနယ်တွေပေ့ါ။ ရပ်စောက် ဟဲဟိုး အဲတာတွေက ဒီမှာ အကုန်လာဝယ်တယ်။

ကျွန်တော်ကတော့ ဂုဏ်ယူပါတယ် ခင်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်ဒေသမှာ ဒီစိုက်ပျိုးရေး လုပ်ပြီးတော့မှ ဒေသထွက်တဲ့ ခရမ်းချဉ်သီးကို ဒီမြန်မာတစ်နိုင်ငံလုံးကို ဖြန့်ဖြူးပေးရတဲ့အတွက် ကျွန်တော်တို့ အမြဲတမ်း ဂုဏ်ယူတယ်။ ပီတီလည်း ဖြစ်တာပေါ့နော်။

ဝင်ငွေကတော့ အတူတူပဲရှင့်။ ဒီမှာကျတော့ အေးတဲ့ဒေသ အလုပ် လုပ်ရတာကောင်းလို့ သမီးတို့ လာအလုပ် လုပ်တာပါ။ နေပူတာနဲ့ အရိပ်နဲ့ပဲကွာတယ်။ အလုပ်ကတော့ အတူတူပဲရှင့်။

ဒါကြောင့်လည်းစိုက်ပျိုးတဲ့အခါမှာ ပိုးမကျရအောင် … သီးနှံအထွက်ကောင်းအောင် .. ပိုးသတ်ဆေးတွေ .. ဓာတ်မြေသြဇာတွေကိုဆက်လက်သုံးစွဲနေရဦးမယ်ဆိုတာ အသေအချာပါပဲ။ ဒီလိုပါပဲ… တစ်ဖက်မှာတော့ အင်းလေးကန်ရဲ့ဂေဟစနစ်ပျက်ယွင်းလာမှုအတွက် ထိန်းသိမ်းမှုကုထုံးနဲ့ နှစ်ကာလကြာမြင့်စွာ ရေရှည်ကုသနေရဦးမှာပါ။

ဒါပေမဲ့ … ပတ်ဝန်းကျင်ကောင်းတစ်ခု ပြန်လည်ဖြစ်ပေါ်လာဖို့အတွက် ဒေသခံတစ်ဦးချင်းစီကပဲ အစပြုကြရမယ်ဆိုတာကလည်း အမှန်တရားတစ်ခုပါ။ တကယ်တော့အင်းလေးကန်ရဲ့ အနာဂတ်ဟာ အင်းသူအင်းသားတွေရဲ့ လက်ထဲမှာသာရှိနေပါတယ်

မြန်မာနိုင်ငံအတွက် နိုင်ငံခြားငွေရှာဖွေပေးတဲ့နေရာ … ပြီးတော့ ကမ္ဘာကစောင့်ကြည့်နေပြီဖြစ်တဲ့ နေရာတစ်ခုဖြစ်တဲ့ အင်းလေးကန်ဒေသတစ်ခုလုံး ပတ်ဝန်းကျင်ကောင်းတစ်ခုကို ပြန်လည်ရရှိနိုင်ပါစေလို့ ဆုတောင်းပေးရင်းနဲ့ပဲ ကျွန်မတို့အဖွဲ့ဟာအာဆီယံ ၁၀ နိုင်ငံထဲမှာအသန့်ရှင်းဆုံးမြို့ဆု ရရှိခဲ့တဲ့တောင်ကြီးမြို့ကိုခရီးဆက်ခဲ့ပါပြီ။

ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်း ၄၇၀၀ ကျော်မှာတည်ရှိနေတဲ့ တောင်ကြီးမြို့ပါ။ မြန်မာသက္ကရာဇ် ၁၂၀၀ လောက်မှာအခုတောင်ကြီးမြို့ တည်ရှိတဲ့နေရာမှာ ဒုံတောင်တီဆိုတဲ့ ပအို့ဝ်ရွာလေးတစ်ရွာ ရှိခဲ့ပါတယ်။ တောင်တီကိုရှမ်းဘာသာနဲ့ တွမ်တီး ဟုခေါ်ဆိုရာကနေတောင်ကြီးမြို့ ဖြစ်လာတယ်လို့ ဆိုပါတယ်။

မြန်မာသက္ကရာဇ် ၁၂၅၃ ခုနှစ်ရောက်တဲ့အခါမှာတော့ အင်္ဂလိပ်အစိုးရကတောင်ကြီးမြို့အဖြစ် တည်လိုက်ကြပါတယ်။ ဒါကြောင့် အခုဆိုရင် တောင်ကြီးမြို့သက်တမ်းဟာ နှစ်ပေါင်း၁၂၀ ကျော်ရှိနေပါပြီ။

တောင်ကြီးမြို့တစ်ခုလုံးကိုလှမ်းမြင်နေရတဲ့ ပတ္တမြားစေတီတောင်ပေါ်မှာ ကျွန်မရောက်ရှိနေတာ ဖြစ်ပါတယ်။ တောင်ပေါ်မှာတောင်တွေဆင့်လို့ တောင်အထပ်ထပ်ဝန်းရံနေတဲ့ ရှမ်းပြည်နယ်တောင်ပိုင်းရဲ့မြို့တော် တောင်ကြီးမြို့ကတော့ မြို့ပြတစ်ခုရဲ့ ဖွံ့ဖြိုးတိုးတက်မှုပုံရိပ်တွေ အထင်းသားပါ။ ပြီးတော့ အမြဲတမ်း အေးမြနေတဲ့ ရာသီဥတုရယ် … ခေတ်မီတဲ့လူနေမှုပုံစံတွေရယ် … ဒီပုံရိပ်တွေဟာ ကျွန်မကိုယ်ကျွန်မ ဥရောပနိုင်ငံတစ်ခုခုကို ရောက်ရှိနေသလားလို့တောင် ထင်မြင်နေမိပါတယ် ..။

တောင်ကြီးမြို့ကိုအုပ်မိုးနေတဲ့ တောင်ချွန်းကြီးကိုလည်းဘယ်နေရာကကြည့်ကြည့် လှမ်းမြင်နေရတယ်တဲ့။ ဒီတောင်ချွန်းကြီးက တောင်ကြီးမြို့ရဲ့ အလှကိုအားဖြည့်ပေးနေတဲ့ သက်မဲ့အလှတရားတစ်ခုလို့တောင် ပြောလို့ရပါတယ်။

နောက်ထပ် တောင်ကြီးမြို့ရဲ့အလှကိုအားဖြည့်ပေးနေတဲ့ သက်ဝင်လှုပ်ရှားနေတဲ့ အလှတရားတစ်ခုလည်းရှိနေပါသေးတယ်။ အဲ့ဒါကတော့ … ရိုး..ရာ..မီး..ပုံး..ပျံ..ပွဲတော် ပါ။

Mizzima Weekly