တူရကီတွင် ကျောက်မီးသွေးမိုင်းတွင်း ပေါက်ကွဲမှုကြောင့် လူ ၂၈ သေဆုံးကာ ဒါဇင်များစွာ ပိတ်မိနေ 

တူရကီတွင် ကျောက်မီးသွေးမိုင်းတွင်း ပေါက်ကွဲမှုကြောင့် လူ ၂၈ သေဆုံးကာ ဒါဇင်များစွာ ပိတ်မိနေ 

အောက်တိုဘာလ ၁၅ ရက်

တူရကီနိုင်ငံ မြောက်ပိုင်းက ကျောက်မီးသွေးမိုင်းတွင်း တစ်တွင်းတွင် မီသိန်းပေါက်ကွဲမှု ဖြစ်ပွားပြီး လူ ၂၈ ဦး သေဆုံးကာ မြေအောက် မီတာ ရာပေါင်းများစွာအနက်တွင် ဒါဇင်များစွာ ပိတ်မိနေသဖြင့် ကယ်ဆယ်ရေးသမားများက အသက်ရှင်နိုင်သူများကို စိုးရိမ်တကြီး ရှာဖွေလျက် ရှိသည်။ 

သောကြာနေ့ နေဝင်ချိန်က ဖြစ်ပွားသော တူရကီနိုင်ငံ၏ အသေအဆုံးအများဆုံး လုပ်ငန်းခွင့် မတော်တဆမှုများမှ တစ်ခုဖြစ်သည့် ယခု မိုင်းတွင်းပေါက်ကွဲမှုအပြီး လူ ၁၁ ဦးကို အသက်ရှင်လျက် ကယ်ထုတ်ပြီး ဆေးရုံ ပို့ဆောင်ခဲ့ကြောင်း ကျန်းမာရေးဝန်ကြီး ဖာရတ်တင် ကိုကာက တွစ်တာတွင် အသေအဆုံး စာရင်း နောက်ဆုံး ဖော်ပြရာ၌ ပြောဆိုသည်။ 

“ကျွန်တော်တို့ တကယ့်ကို စိတ်မကောင်းစရာ အခြေအနေနဲ့ ရင်ဆိုင်နေရတာပါ”ဟု ပြည်ထဲရေးဝန်ကြီး ဆူလေးမန် ဆွိုင်လူက ပင်လယ်နက်ကမ်းရိုးတန်း အမာစရာ မိုင်းတူးဖော်ရေး မြို့ငယ်သို့ အားချင်း လေယာဉ်ဖြင့် လာရောက်ပြီးနောက် သတင်းထောက်များကို ပြောသည်။ 

“မြေအောက်မှာ ကျွန်တော်တို့ ညီအစ်ကိုတွေ ၁၁၀ ဦးက အလုပ်လုပ်နေကြတာပါ၊ တချို့က ကိုယ်ဘာသာ လွတ်မြောက်ပြီး တချို့ကိုတော့ ကယ်တင်ခဲ့ရတာ ဖြစ်တယ်”ဟု ၎င်းက ဆိုသည်။ 

မြေအောက် မီတာ ၃၀၀ နှင့် ၃၅၀ ကြား အနက်ရှိ သီးခြား ဧရိယာနှစ်ခုတွင် မိုးလုပ်သား ၅၀ နီးပါး ပိတ်မိနေဆဲ ဖြစ်သည်ဟု အစောပိုင်းက သတင်းများကို ဆွိုင်လူက အတည်ပြုသည်။ 

မိုင်းတွင်းဝင်ပေါက်အနီးက ပျက်စီးမှုဖြစ်ပေါ်သော အဖြူရောင် အဆောက်အအုံအနီးတွင် အချို့က မျက်ရည်အပြည့်ဖြင့် စိုးရိမ်ကြောင့်ကြနေသော လူအုပ်က စုရုံးရောက်ရှိနေပြီး ၎င်းတို့၏ မိတ်ဆွေများနှင့် ချစ်ခင်ရသူများ၏ သတင်းများ ရလိုရငြား စောင့်ဆိုင်းနေကြသည်ကို ရုပ်သံပုံရိပ်များတွင် တွေ့ရသည်။ 

တူရကီ သမ္မတ ရီဆက် တေယစ် အာဒိုဂန်က ၎င်းအနေဖြင့် အခြားသော စီစဉ်ထားသမျှကို ဖျက်သိမ်းပြီး ဖြစ်ပွားရာအရပ်ဆီ စနေနေ့၌ လေယာဉ်ဖြင့် လာရောက်မည်ဖြစ်ကြောင်း ပြောသည်။ 

“ကျွန်တော်တို့တွေ နောက်ထပ် အသက်ဆုံးရှုံးမှုတွေ ထပ်မတိုးလာဖို့ မျှော်လင့်ပါတယ်၊ ကျွန်တော်တို့ရဲ့ မိုင်းလုပ်သားတွေကို အသက်ရှင်လျက် တွေ့ရှိဖို့ မျှော်လင့်ပါတယ်”ဟု အာဒိုဂန်က တွစ်တာတွင် ရေးသည်။ 

“ကျွန်တော်တို့ ကြိုးပမ်းအားထုတ်သမျှဟာ ဒီအတိုင်း မိုင်းလုပ်သားတွေကို မသေမပျောက် ကယ်ထုတ်နိုင်ဖို့ပါပဲ”ဟု ၎င်းက ပြောခဲ့သည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly