ဆော်လမွန်ကျွန်းမှ ရဲအရာရှိများ တရုတ်နိုင်ငံသို့ သင်တန်းသွားတက်

ဆော်လမွန်ကျွန်းမှ ရဲအရာရှိများ တရုတ်နိုင်ငံသို့ သင်တန်းသွားတက်

တောင်ပစိဖိတ်ဒေသရှိ ဆော်လမွန်ကျွန်းမှ ရဲအရာရှိ ၃၂ ဦးသည် ထိန်းသိမ်းကြပ်မတ်ရေးနည်းပညာများ လေ့ကျင့်သင်ကြားရန်နှင့် တရုတ်ယဉ်ကျေးမှုကို ပိုမိုနားလည်ရန် တရုတ်နိုင်ငံသို့ ထွက်ခွာသွားကြောင်း တော်ဝင်ဆော်လမွန်ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။

ဧပြီလတွင် နှစ်နိုင်ငံအကြား လုံခြုံရေးသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးပြီးကတည်းက တရုတ်နိုင်ငံသည် ဆော်လမွန်ကျွန်းစုရှိ ရဲတပ်ဖွဲ့အား ပြည်သူ့လုံခြုံရေးဆိုင်ရာ သင်တန်းများ ပေးခဲ့ကာ အစဉ်အလာအရ ထိန်းသိမ်းကြပ်မတ်ရေးဆိုင်ရာ အကူအညီများ ပံ့ပိုးပေးခဲ့သည်။ ၎င်းသဘောတူညီချက်သည် သြစတြေးလျ အပါအဝင် အမေရိကန်နှင့်မဟာမိတ်များကို ထိတ်လန့်စေခဲ့သည်။

အရာရှိ ၃၂ ဦးသည် တစ်လတာ ခရီးစဉ်အတွင်း တရုတ်နိုင်ငံရှိ ရဲစခန်းအသီးသီးသို့ သွားရောက်မည်ဖြစ်ကြောင်း တပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မဟာဗျူဟာအရ အရေးပါသော ဒေသတွင် တရုတ်နိုင်ငံ၏ လွှမ်းမိုးမှု မြင့်တက်လာခြင်းကို တန်ပြန်ရန် ကြိုးပမ်းနေသော အမေရိကန်က FBI ရဲတပ်ဖွဲ့ သင်တန်းဆရာများကို ဆော်လမွန်ကျွန်းများသို့ ယခုနှစ်အတွင်း စေလွှတ်သွားမည်ဟု ပြီးခဲ့သည့်လက ပစိဖိတ်ကျွန်းခေါင်းဆောင်များနှင့်ပြုလုပ်သော အိမ်ဖြူတော် ထိပ်သီးစည်းဝေးပွဲတွင် ပြောကြားခဲ့သည်။

ဆော်လမွန်ဝန်ကြီးချုပ် မန်နက်ဆက်ဆိုဂါဗာရယ်က သြစတြေးလျသည် နိုင်ငံ၏ လုံခြုံရေး မိတ်ဖက်အဖြစ် ဆက်လက်တည်ရှိနေကြောင်း ပြောကြားခဲ့ပြီး သဘောတူညီချက်သည်တရုတ်အား စစ်အခြေစိုက်စခန်းတည်ဆောက်ခွင့်ပြုလိုက်ခြင်းဖြစ်သည်ဟူသော အချက်ကို ငြင်းပယ်ခဲ့သည်။

ဆော်လမွန်ကျွန်းစု၏ မြို့တော် ဟိုနီအာရာ၌ နိုဝင်ဘာလကဖြစ်ပွားခဲ့သော အစိုးရဆန့်ကျင်ရေး အဓိကရုဏ်းများကို သြစတြေးလျရဲတပ်ဖွဲ့က နှိမ်နင်းခဲ့သည်။ တရုတ်က လုံခြုံရေး သဘောတူညီချက်သည် တရုတ်စီမံကိန်းများနှင့် ဝန်ထမ်းများကိုတရုတ်ရဲများအား ကာကွယ်ခွင့်ပေးထားကြောင်း ပြောကြားခဲ့သည်။

တရုတ် ဆောက်လုပ်ရေးနှင့် ဆက်သွယ်ရေးကုမ္ပဏီများသည် ဆော်လမွန်ကျွန်းစု၏ အခြေခံ အဆောက်အအုံဆိုင်ရာ စီမံကိန်းများအတွက် ဒေါ်လာသန်းပေါင်းများစွာတန်သော သဘောတူညီချက်များကို ရရှိထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly