ပါကစ္စတန်တွင် ရဲက အမှုမဖွင့်ပေး၍ အဓမ္မပြုကျင့်ခံရသည့် အမျိုးသမီးက ကိုယ့်ကိုယ်ကိုယ် မီးရှို့ရန် ကြိုးပမ်း

ပါကစ္စတန်တွင် ရဲက အမှုမဖွင့်ပေး၍ အဓမ္မပြုကျင့်ခံရသည့် အမျိုးသမီးက ကိုယ့်ကိုယ်ကိုယ် မီးရှို့ရန် ကြိုးပမ်း

ပါကစ္စတန်နိုင်ငံ ဘဟာဝယ်ပူရ်ခရိုင် အရှေ့ အဟ်မက်ဒ်ပူရ်မြို့တွင် အမျိုးသမီးတစ်ဦးက သူမ အဓမ္မပြုကျင့်ခံရကြောင်းကို ရဲစခန်းထံ တိုင်ကြားခဲ့ရာ ရဲက အမှုမဖွင့်ပေးသည့်အတွက် အဆိုပါ အမျိုးသမီးက ရဲစခန်းရှေ့တွင် သူမကိုယ်ကိုယ် ဓာတ်ဆီလောင်း မီးရှို့ရန် ကြိုးပမ်းခဲ့သည့် ဖြစ်စဉ်တစ်ခု အောက်တိုဘာ ၃ ရက်က ဖြစ်ပွားခဲ့သည်။

“အက်စ်” ဟု သိရသော ထိုအမျိုးသမီးက သူမ အဓမ္မပြုကျင့်ခံရကြောင်းကို တိုင်ကြားရန် ရဲစခန်းကို သွားရောက်ခဲ့ကြောင်း သတင်းရင်းမြစ်များက ပြောသည်။ လူဆိုးဂိုဏ်းသားတချို့သည် အူချ် ရှာရစ်မြို့ ရှောကတ် နယ်မြေရှိ သူမ၏ နေအိမ်သို့ အတင်းဝင်လာခဲ့ပြီး သူမကို အဓမ္မကျင့်ခဲ့သလို သူမ၏ အသက်မပြည့်သေးသည့် သမီးဖြစ်သူကို လည်း ပြန်ပေးဆွဲသွားကြောင်း အဆိုပါ အမျိုးသမီးက တိုင်တန်းခဲ့သည်ဟု ဆိုသည်။

အူချ် ရဲစခန်းက သူမ၏ တိုင်ကြားချက်ကို လက်မခံသည့်အတွက် သူမသည် အရှေ့ အဟ်မက်ဒ်ပူရ် ရဲစခန်းသို့ သွားရောက်ခဲ့ပြီး အဆိုပါ ရဲစခန်းတွင် သူမသည် ရဲများကို ဆန့်ကျင်ဆန္ဒထုတ်ဖော်သည့်အနေဖြင့် ကိုယ့်ကိုယ်ကိုယ် ဓာတ်ဆီလောင်း မီးရှို့ရန် ကြိုးပမ်းခဲ့ခြင်း ဖြစ်သည်။

သို့သော် ရဲများအပြင် အနီးအနားတွင် ရှိနေသည့် အခြားသူများက ဝိုင်းဝန်းမီးငြှိမ်းပေးခဲ့ပြီး အဆိုပါ အမျိုးသမီးကို ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။

အဓမ္မပြုကျင့်ခံရမှုက ပြီးခဲ့သည့်လက ကျူးလွန်ခံရခြင်း ဖြစ်ကြောင်းနှင့် အမျိုးသမီး၏ တိုင်ကြားချက်ကို မှန်မှန်ကန်ကန် အမှုဖွင့်ပေးထားကြောင်း ဘဟာဝယ်ပူလ် ခရိုင်ရဲတပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ အာမီရာ နာဇီရာက Dawn သတင်းစာကို ပြောသည်။

ထို့ပြင် ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံရန် ကြိုးပမ်းမှုအတွက် ရဲများက ထိုအမျိုးသမီးကို အမှုဖွင့်ထားကြောင်း လည်း ၎င်းက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly