နယ်စပ်အနီး မြောက်ကိုရီးယားလေယာဉ်များ ပျံသန်းရောက်ရှိလာ၍ တောင်ကိုရီးယား တိုက်လေယာဉ်များ အရေးပေါ် ပျံတက်ခဲ့ရ

နယ်စပ်အနီး မြောက်ကိုရီးယားလေယာဉ်များ ပျံသန်းရောက်ရှိလာ၍ တောင်ကိုရီးယား တိုက်လေယာဉ်များ အရေးပေါ် ပျံတက်ခဲ့ရ

October 14

တောင်နှင့် မြောက် ကိုရီးယား နှစ်နိုင်ငံကို ပိုင်းခြားထားသည့် နယ်စပ်အနားတွင် မြောက်ကိုရီးယား စစ်လေယာဉ် ၁၀ စင်းခန့် ပါသော လေယာဉ်များ အုပ်စုဖွဲ့ ပျံသန်းရောက်ရှိလာခဲ့သည့်အတွက် တောင်ကိုရီးယားက တိုက်လေယာဉ်များကို အရေးပေါ် ပျံတက်ခိုင်းခဲ့ရကြောင်း တောင်ကိုရီးယား၏ ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့က ထုတ်ပြန်ချက်တစ်ရပ်တွင် ပြောသည်။

မြောက်ကိုရီးယားက ဒုံးကျည်စမ်းသပ်မှုများ ထပ်တလဲလဲ ပြုလုပ်နေမှုကြောင့် လက်ရှိတွင် နှစ်ဖက်အကြား တင်းမာမှုများ မြင့်တက်နေသည်။

ကိုရီးယား နယ်စပ် ဧရိယာ၏ အလယ်ပိုင်းဒေသရှိ စစ်ရေး နယ်နိမိတ် ပိုင်းခြားမျဉ်း၏ မြောက်ဘက် ၂၅ ကီလိုမီတာ (၁၅ မိုင်) ခန့်နှင့် ပင်လယ်ဝါရှိ ကိုရီးယားနှစ်နိုင်ငံအကြား နယ်စပ်တစ်ခုဖြစ်သော မြောက်ပိုင်း ကန့်သတ်မျဉ်း၏ မြောက်ဘက် ၁၂ ကီလိုမီတာ (၇ မိုင်) ခန့်တို့တွင် မြောက်ကိုရီးယား လေယာဉ်များ ပျံသန်းသွားသည်ကို ထောက်လှမ်းသိရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထိုဖြစ်စဉ်သည် အောက်တိုဘာ ၁၃ ရက် ဒေသစံတော်ချိန် ည ၁၀ နာရီ ခွဲနှင့် အောက်တိုဘာ ၁၄ ရက် ဒေသစံတော်ချိန် မနက် ၁၂ နာရီ မိနစ် ၂၀ အကြားတွင် ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။

မြောက်ကိုရီးယား လေယာဉ်များကို ကိုရီးယားနှစ်နိုင်ငံအကြား နယ်စပ်၏ အရှေ့ဘက်အပိုင်း အနီးတွင်လည်း မြင်ခဲ့ရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

တောင်ကိုရီးယား လေတပ်သည် F-35A အပါအဝင် အရေးပေါ် လေယာဉ်များ ပျံတက်မှုတစ်ရပ်ကို လုပ်ဆောင်ခဲ့ပြီး အသင့်တုံ့ပြန်မည့် အနေအထားတစ်ခုအတိုင်း ရှိနေခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပြောသလို မြောက်ကိုရီးယား စစ်လေယာဉ် ပျံသန်းမှုနှင့်စပ်လျဉ်းပြီး အချိုးညီသော တုံပြန်မှုဆိုင်ရာ လှုပ်ရှားဆောင်ရွက်မှုတစ်ခု လုပ်ဆောင်ခဲ့ကြောင်း ဖော်ပြသည်။

 

(ကိုလူအေး ဘာသာပြန်သည်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly