ကွန်ဂရက်မကျင်းပမီ ကိုဗစ်ကူးစက်မှုများ ပြန်မြင့်တက်လာလာချိန် တရုတ်က စိတ်ရှည်သည်းခံကြရန် တိုက်တွန်း

ကွန်ဂရက်မကျင်းပမီ ကိုဗစ်ကူးစက်မှုများ ပြန်မြင့်တက်လာလာချိန် တရုတ်က စိတ်ရှည်သည်းခံကြရန် တိုက်တွန်း

တရုတ်နိုင်ငံတွင် အရေးပါလှသော ကွန်မြူနစ်ပါတီကွန်ဂရက်မတိုင်မီ ရက်ပိုင်းအလို၌ ဩဂုတ်လနောက်ပိုင်း အဆိုးဆုံးအဖြစ် ရောဂါကူးစက်မှုများ မြင့်တက်လာသောစဉ်တွင် တရုတ်က တင်းကျပ်သော ကိုဗစ်မူဝါဒများကို စိတ်ရှည်သည်းခံကြရန် တိုက်တွန်းကာ ရှည်ကြာလှသော ကန့်သတ်ပိတ်ပင်မှုများကို ငြီးငွေ့စိတ်မပျက်ကြရန် သတိပေးလိုက်သည်။

 နိုင်ငံအများအပြားသည် ကိုဗစ်-၁၉ မူဝါဒနှင့် အတူယှဉ်တွဲနေထိုင်ရန် သင်ယူနေကြသော်လည်း တရုတ်သည် ကမ္ဘာ့စံနှုန်းအရ သေဆုံးမှုနှုန်းနည်းပြီး ရောဂါလက္ခဏာများ မပြင်းသည့်တိုင် အသိုက်အဝန်းတစ်ခုမှ တစ်မြို့လုံးအထိ အသွားအလာပိတ်ဆို့သော ၎င်းမူဝါဒများအတွင်း အားလျော့စေမည့်အရာမှန်သမျှကို ထပ်တလဲလဲ ချေမှုန်းသည်။

မကြာသေးမီရက်သတ္တပတ်များအတွင်း ကူးစက်မြန်သော အိုမီခရွန်မျိုးကွဲ BF.7 နှင့် BA.5.1.7 တို့သည် တရုတ်ပြည်မကြီးတွင် ပထမဆုံးအကြိမ်အဖြစ် ပေါ်ပေါက်လာသောကြောင့် ရောဂါဖြစ်ပွားမှုကို ရပ်တန့်ရေးအတွက် တာဝန်ရှိသူများအပေါ် ဖိအားများလာခဲ့ပြီး ကုန်ဆုံးကာစ ရက်သတ္တပတ်ကြာ အားလပ်ရက်အတွင်း ခရီးသွားများကို ပိတ်မိနေစေသည်။ 

တရုတ်နိုင်ငံတစ်ဝှမ်းတွင် အောက်တိုဘာ ၉ ရက်က ပြည်တွင်းကူးစက်သူ ၁ ၉၃၉ ဦးရှိပြီး ဩဂုတ်လ ၂၀ ရက်နောက်ပိုင်း အမြင့်မားဆုံးကူးစက်မှုဖြစ်ကြောင်း အောက်တိုဘာ ၁၀ ရက်တွင် ထုတ်ပြန်သော တရားဝင်ကိန်းဂဏိန်းများကို အခြေခံ၍ Reuters သတင်းဌာနက ဖော်ပြခဲ့သည်။

အတွင်းမွန်ဂိုလီးယားတွင် အောက်တိုဘာ ၁ ရက်နောက်ပိုင်း၌ BF.7 ကြောင့်ဖြစ်သော ကူးစက်မှုထောင်ပေါင်းများစွာကို တွေ့ရှိခဲ့ကာ တရုတ်၏ နောက်ဆုံးသော ကိုဗစ်ဗဟိုချက်ဖြစ်လာခဲ့ပြီး ရွှေရောင်ရက်သတ္တပတ်အားလပ်ရက်အတွင်း ခရီးအစီအစဉ်များကို အနှောင့်အယှက်ဖြစ်စေခဲ့သည်။

ဧပြီလနှင့်မေလအတွင်းက လူပေါင်း ၂၅ သန်းခန့်ကို ပိတ်လှောင်ထားခဲ့သော ရှန်ဟိုင်းတွင် အောက်တိုဘာ ၉ ရက်က ဒေသတွင်းကူးစက်သည့် အတည်ပြုလူနာ ၃၄ ဦးတွေ့ရှိခဲ့ကာ ၃ လနီးပါးအတွင်း အများဆုံးဖြစ်သည်။

ကိုဗစ်ကန့်သတ်ချက်များသည် အောက်တိုဘာ ၁၆ ရက်တွင် စတင်မည့် ၅ နှစ်တစ်ကြိမ်ကျင်းပသော ကွန်မြူနစ်ပါတီကွန်ဂရက်မတိုင်မီ ရက်ပိုင်းအလိုတွင် ချမှတ်လိုက်ခြင်းဖြစ်ပြီး အဆိုပါကွန်ဂရက်တွင် ရှီကျင့်ဖျင်က ၎င်း၏ ဆယ်စုနှစ်ကြာခေါင်းဆောင်မှုကို နောက်ထပ် ၅ ထပ်မံတိုးချဲ့ရန် များစွာ မျှော်လင့်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required