တရုတ်အစိုးရက လက်ရှိ အကြွေးနွံပြဿနာကို ဖြေရှင်းနိုင်ရန် နည်းလမ်းသစ်များ ရှာဖွေနေ

တရုတ်အစိုးရက လက်ရှိ အကြွေးနွံပြဿနာကို ဖြေရှင်းနိုင်ရန် နည်းလမ်းသစ်များ ရှာဖွေနေ

တရုတ်၏ အဓိကကျသော ခါးပတ်လမ်းရပ်ဝန်းအစီအစဉ် ပထမပိုင်းအား အဆုံးသတ်လိုက်ပြီး အစိုးရက အဆင့် ၂ အတွက် လုပ်ဆောင်နေချိန်တွင် မပြောခဲ့သည့် အကြွေးဆုံးမှုများနှင့် ကြွေးမြီများအား ပြန်လည်ညှိနှိုင်းနေရကြောင်း ဖွင့်ဟလာသည်ဟု Inside Over သတင်းဝက်ဘ်ဆိုက်က ဖော်ပြထားသည်။

အဆိုပါ အကြောင်းအရာကို ရေးသားသူ ဖီဒါရီကို ဂူလာနီက “တရုတ်က ‘ခါးပတ်တစ်ကွင်း လမ်းတစ်စင်း’ အစီအစဉ်နဲ့ အခြားနိုင်ငံတွေ ဒုက္ခတွင်းထဲရောက်အောင် လုပ်နေတယ်လို့ စွပ်စွဲခံထားရပါတယ်။ ဒီလိုဝေဖန်မှုတွေကို ငြင်းဆိုသလို အကြွေးဆုံးတာတွေကိုလည်း ငြင်းဆိုခဲ့ပါတယ်” ဟု ရေးသားထားသည်။ 

ထွန်းသစ်စနိုင်ငံများတွင် ငွေကြေးဆိုင်ရာ မပြေလည်မှုများ၊ နှေးကွေးနေသည့် စီးပွားရေးအခြေအနေတို့ကြောင့် တရုတ်အစိုးရအနေဖြင့် အကြွေးဆုံးမှုများနေပြီး ခါးပတ်လမ်းရပ်ဝန်း စီမံကိန်းသည် အခက်အခဲများစွာ ကြုံတွေ့နေရသည်။ 

ကြွေးမြီထုတ်ပေးရာတွင် မတွန့်ဆုတ်ရန် တရုတ်ဘဏ်များကို ၁၀စုနှစ် တစ်ခုနီးပါး ဖိအားပေးပြီးနောက် တရုတ်၏ မူဝါဒချမှတ်သူများသည် ပိုပြီး ရှေးရိုးစွဲဆန်သည့် ပိုးလမ်းမရပ်ဝန်း အဆင့် ၂ အစီအစဉ်ကို ဆွေးနွေးကြရာတွင် စီမံကိန်းသစ်များကို ငွေကြေးထုတ်ပေးရာတွင် ပိုမိုသတိထား တွက်ချက်ကြရန် သတိပေးခဲ့ကြကြောင်း မူဝါဒချမှတ်ရာတွင် ပါဝင်ခဲ့သူများက ပြောကြားသည်။

“တရုတ်က လက်ရှိအကြွေးနွံပြဿနာကို ဖြေရှင်းဖို့ အခြားမြှီရှင်တွေနဲ့ စတင်ဆွေးနွေးနေပါပြီ။ ဒီလိုအခြေအနေမှာ တရုတ်အစိုးရအနေနဲ့ Paris Club လို နိုင်ငံတကာအဖွဲ့အစည်းတွေ၊ အမေရိကန်၊ ဂျပန်၊ ပြင်သစ်အပါအဝင် မြှီရှင်နိုင်ငံတွေနဲ့ လက်တွဲဆောင်ရွက်ဖို့ နှစ်ပေါင်းများစွာ ခေါင်းမာငြင်းဆိုခဲ့တာတွေကို စွန့်လွှတ်ရပါတော့မယ်။ အချို့နိုင်ငံတွေမှာ ကြွေးမြီသက်သာခွင့်ကို ဆွေးနွေးဖို့ ဂျီ-၂၀ အုပ်စုက ဖွံ့ဖြိုးပြီး၊ ဖွံ့ဖြိုးဆဲ နိုင်ငံတွေနဲ့ ပူးပေါင်း ဆောင်ရွက်လျက်ရှိပါတယ်” ဟု သတင်းတွင် ဖော်ပြထားသည်။

တရုတ်သည် အာရှ၊ အာဖရိက၊ လက်တင်အမေရိက နိုင်ငံများတွင် ခါးပတ်လမ်းရပ်ဝန်း အစီအစဉ်မှတစ်ဆင့် ဩဇာလွှမ်းမိုးမှု ချဲ့ထွင်ရန် ဒေါ်လာထရီလီယံများစွာ သုံးစွဲထားကြောင်းလည်း သတင်းတွင် ဖော်ပြထားသည်။ အခက်အခဲဖြစ်ပေါ်နေသည့် အဆိုပါအစီအစဉ်ကို ပြန်လည်ပြင်ဆင်ရန်လည်း တရုတ်အစိုးရက ယခုအခါ ဆောင်ရွက်နေသည်။ 

လက်ရှိပေးဆပ်ရန် ကျန်ရှိသည့် ကြွေးမြီများကို ရှင်းလင်းရမည်ဖြစ်သောကြောင့် တရုတ်ဘဏ်များအနေဖြင့် ဝင်ငွေနည်းနိုင်ငံများရှိ စီမံကိန်းအသစ်များအတွက် ချေးငွေများကိုလည်း သိသာစွာလျှော့ချလိုက်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly