ခရိုင်းမီးယား တံတားပေါက်ကွဲမှုများနှင့် ပတ်သက်ပြီး သံသယရှိသူ ၈ ဦးကို ရုရှ ဖမ်းဆီး 

ခရိုင်းမီးယား တံတားပေါက်ကွဲမှုများနှင့် ပတ်သက်ပြီး သံသယရှိသူ ၈ ဦးကို ရုရှ ဖမ်းဆီး 

အောက်တိုဘာလ ၁၂ ရက်

သိမ်းပိုက်ခံ ခရိုင်းမီးယားဒေသနှင့် ရုရှသို့ ဆက်သွယ်သည့် တံတားပေါ်တွင် လူသေဆုံးသော ပေါက်ကွဲမှုနှင့် ပတ်သက်ကာ သံသယရှိသူ ရှစ်ဦးကို ရုရှက ဖမ်းဆီးထားကြောင်း FSB လုံခြုံရေးဌာန၏ ထုတ်ပြန်ချက်ကို သတင်းဌာနများက ဗုဒ္ဓဟူးနေ့တွင် ကိုးကားဖော်ပြသည်။ 

အဆိုပါ ဖမ်းဆီးထားသူများတွင် ရုရှနိုင်ငံသား ငါးဦးနှင့် ယူကရိန်းနှင့် အမေရိကန်နိုင်ငံသား သုံးဦး ပါဝင်ကြောင်း အသေးစိတ် မဖော်ပြဘဲ ယင်း ထုတ်ပြန်ချက်က ဆိုသည်။ 

“ဖောက်ခွဲရေး ပစ္စည်းတွေကို အလေးချိန် ကီလိုဂရမ် ၂၂,၇၇၀ ( ပေါင် ၅၀,၂၀၀ ) လေးတဲ့ ဖလင်ကော်ပြား ၂၂လိပ် မှာ သိုဝှက်သယ်ဆောင်လာတာပါ”ဟု ထုတ်ပြန်ချက်က ဖော်ပြသည်။ 

ယင်း ဖလင်ကော်ပြားလိပ်များအား ယူကရိန်း၏ အိုဒက်ဆာဆိပ်ကမ်းမှ ဘူဂေးရီးယားဆီ ဩဂုတ်လအတွင်းက စက်လှေတစ်စင်းဖြင့် တင်ဆောင်လာခြင်း ဖြစ်သည်။ ယင်းနောက် ဂျော်ဂျီယာရှိ ပိုတီဆိပ်ကမ်းမှ တစ်ဆင့် အာမေးနီးယားသို့ ပို့ဆောင်ပြီး ရုရှနိုင်ငံကို ကုန်လမ်းဖြင့် ရောက်ရှိလာခြင်းဖြစ်သည်ဟု FSB က ဆိုသည်။ 

ထို ဖောက်ခွဲရေးပစ္စည်းများသည် ရုရုနိုင်ငံတွင်းသို့ အောက်တိုဘာ ၄ ရက်က ဂျော်ဂျီယာ မှတ်ပုံတင် နံပါတ်ပြားတပ်ထားသော ထရပ်ကားတစ်စင်းဖြင့် ရောက်ရှိလာကာ အောက်တိုဘာ ၆ ရက်တွင် ကရတ်စ်နိုဒါ အရပ်သို့ ရောက်ရှိပြီး နှစ်ရက်အကြာ၌ ခရိုင်းမီးယားတံတားပေါ်တွင် ဖောက်ခွဲခြင်း ဖြစ်သည်ဟု FSB က ပြောသည်။ 

အဆိုပါ “အကြမ်းဖက် တိုက်ခိုက်မှု” ကို ဖောက်ခွဲရေးပစ္စည်းများ သယ်ပို့ရာ၌ ယူကရိန်း အေဂျင့်တစ်ဦး၏ ပူးပေါင်းဆောင်ရွက်မှုနှင့်အတူ ယူကရိန်း ထောက်လှမ်းရေးက လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု FSB က ဆိုသည်။ 

စနေနေ့က ယင်း ပေါက်ကွဲမှုကြောင်း ရုရှနှင့် ခရိုင်းမီးယား ဆက်သွယ် တံတားတွင် လမ်းပိုင်းနှင့် ရထားလမ်းပိုင်း ပျက်စီးမှုများ ဖြစ်ခဲ့ကာ လူသုံးဦး သေဆုံးပြီး ပျက်စီးဆုံးရှုံးမှုများနှင့် မီးလောင်မှုများ ဖြစ်ခဲ့သည်။ 

အဆိုပါ တံတားသည် ယူကရိန်း၌ တိုက်ပွဲဝင်နေသော ရုရှစစ်သားများအတွက် စစ်လက်ပစ္စည်းများ သယ်ဆောင်သည့် အရေးပါသော သယ်ပို့တံတားအဖြစ် ရုရှအတွက် မရှိမဖြစ် ထောက်ပို့လမ်းကြောင်း ဖြစ်သည်။ 

ယင်း ပေါက်ကွဲမှုကြောင့် ယူကရိန်းတွင် ကျေနပ်အားရမှုများ ဖြစ်ပေါ်ပြီး ရုရှက ယူကရိန်းကို တနင်္ဂနွေနေ့တွင် အပြစ်တင်ကာ တနင်္လာနေ့၌ ယူကရိန်းနိုင်ငံတစ်ဝန်းကို ဒုံးကျည်တိုက်ခိုက်မှုများ ဆင်နွှဲခဲ့သဖြင့် လူ ၁၉ ဦး သေဆုံးပြီး ၁၀၀ ကျော်ထက်မနည်း ထိခိုက်ဒဏ်ရာ ရခဲ့သည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly