ရုရှ၏ အပြင်းအထန် တိုက်ခိုက်မှုနောက် ယူကရိန်းအတွက် ‘လေကြောင်းအကာအရံ’ ဇယ်လန်စကီး တောင်းခံ 

ရုရှ၏ အပြင်းအထန် တိုက်ခိုက်မှုနောက် ယူကရိန်းအတွက် ‘လေကြောင်းအကာအရံ’ ဇယ်လန်စကီး တောင်းခံ 
Photo - EPA

October 12

အသေအဆုံးများသော ရုရှ၏ လေကြောင်းမှ တိုက်ခိုက်မှုများနောက်တွင် “လေကြောင်းအကာအရံ” တည်ဆောက်ရာ၌ ယူကရိန်းအား ကူညီကြရန် ချမ်းသာသည့်နိုင်ငံများအား ယူကရိန်းခေါင်းဆောင် ဗိုလိုဒီမာ ဇယ်လန်စကီးက အင်္ဂါနေ့တွင် တောင်းခံလိုက်သည်။ 

လေကြောင်းမှ တိုက်ခိုက်ခြင်းများကို ကာကွယ်နိုင်ရေးတွင် ကူညီခြင်းအတွက် ပြည်သူ သန်းပေါင်းများစွာက ကျေးဇူးတင်ရှိကြလိမ့်မည်ဟု ဇယ်လန်စကီးက ချမ်းသာသောနိုင်ငံများ အုပ်စု ဂျီ ၇ သို့ ပြောသည်။ တနင်္လာနေ့က ယူကရိန်းနိုင်ငံအနှံ့ အသေအဆုံးများသော ဒုံးကျည်တိုက်ခိုက်မှုများနောက်တွင် ရုရှနိုင်ငံသည် ထပ်တိုး၍ တိုက်ခိုက်လာနိုင်ခြေ ရှိနေကြောင်းလည်း ၎င်းက သတိပေးသည်။ 

ယင်း တိုက်ခိုက်မှုများ ဖြစ်ပြီးနောက်တွင် အမေရိကန်က ယူကရိန်းဆီ လေကြောင်းကာကွယ်ရေးစနစ် ပေးပို့မည်ဟု ကတိပြုထားသည်။ ဂျာမနီကလည်း မြို့တစ်မြို့ကို ကောင်းစွာ ကာကွယ်နိုင်စွမ်းသည် Iris-T ဒုံးခွင်းဒုံးအား “လာမည့် ရက်ပိုင်းအတွင်း” ပေးပို့မည်ဟု ကတိပြုသည်။ 

စစ်ပွဲအရှိန်မြင့်သည့် သီတင်းပတ်အတွင်း၌ ဂျီ ၇ ခေါင်းဆောင်များက ဘီလာရုစ်နိုင်ငံ၏ ရုရှနှင့် ပူးပေါင်းတပ်ဖွဲ့များ ဖြန့်ကြက်မည့် အစီအစဉ်သည် ရုရှနှင့်အတူ “ကြံရာပါ” အရာမြောက်နေကြောင်း ပြောဆိုပြီး ရုရှ၏ ကျူးကျော်စစ်ကို “ထောက်ကူနေခြင်းအား ရပ်တန့်ရန်” တိုက်တွန်းသည်။ 

အဆိုပါ ဒုံးကျည်တိုက်ခိုက်မှုများအတွက် ရုရှသမ္မတ ဗလာဒီမာ ပူတင်ကို တာဝန်ခံခိုင်းမည်ဖြစ်ကြောင်း ဂျီ ၇ ခေါင်းဆောင်များက ဇယ်လန်စကီးနှင့် စကားပြောဆိုပြီးနောက်တွင် ပြောသော်လည်း မည်သို့ လုပ်ဆောင်မည်ဆိုခြင်းကိုမူ မပြောပေ။ 

ဂျီ ၇ အစည်းအဝေး မတိုင်မီ၌ ရုရှက အနောက်အုပ်စုနှင့် “ထိပ်တိုက်တွေ့ခြင်း” က ဆက်လက်ဖြစ်နေမည်ဟု ထင်မြင်ထားပြီးကြောင်း ပြောထားသည်။ 

တနင်္လာနေ့က ယူကရိန်းမြို့များကို ဒုံးကျည်တိုက်ခိုက်ပြီးနောက်တွင် အင်္ဂါနေ့တွင်လည်း ရုရှနိုင်ငံသည် နောက်ထပ် လေကြောင်းတိုက်ခိုက်မှုများကို ဆင်နွှဲခဲ့သည်။ 

ယူကရိန်း အနောက်ပိုင်း Lviv ဒေသမှ တာဝန်ရှိသူများက အင်္ဂါနေ့တွင် စွမ်းအင်အခြေခံအဆောက်အအုံကို ပစ်မှတ်ထားပြီး ရုရှက အနည်းဆုံး ဒုံးကျည် သုံးစင်းဖြင့် တိုက်ခိုက်လာ၍ ပြည်သူများ လျှပ်စစ်မီး ဖြတ်တောက်ထားရန်နှင့် ညပိုင်းတွင် လျှပ်စစ်ပစ္စည်း အသုံးအဆောင်များ ပိတ်ထားရန် တိုက်တွန်းခဲ့သည်။ 

အင်္ဂါနေ့က တိုက်ခိုက်မှုသစ်များ ဆင်နွှဲကြောင်းကို ရုရှကာကွယ်ရေးဝန်ကြီးဌာနက အတည်ပြုပြီး တာဝေးပစ်နှင့် ပစ်မှတ်တိကျလက်နက်များဖြင့် ရည်မှန်း ပစ်မှတ်များကို အကြီးစား လေကြောင်းထိုးစစ်ဆင်ခဲ့ကြောင်း ပြောသည်။ 

(မိုးသဲ ဘာသာပြန်သည်။)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly