အမေရိကန် - ရုရှားသဘောတူညီချက်ဖြင့် ဆီးရီးယား အပစ်အခတ်ရပ်စဲရေးစတင်

အမေရိကန် - ရုရှားသဘောတူညီချက်ဖြင့် ဆီးရီးယား အပစ်အခတ်ရပ်စဲရေးစတင်

ဒမတ်စကပ်၊ ဖေဖော်ဝါရီ ၂၇ ။            ။ သမိုင်းဝင် ကုလသမဂ္ဂကျောထောက်နောက်ခံ အပစ်အခတ်ရပ်စဲရေး အသက်ဝင်ပြီးနောက် စနေနေ့(ဖေဖော်ဝါရီ ၂၇)က ဆီးရီးယားနိုင်ငံတစ်ဝန်း သေနတ်သံများ ငြိမ်သက်ခဲ့သည်။ ယင်းအပစ်ရပ်မှုမှာ လူပေါင်း ၂၇၀,၀၀၀ကျော်သေဆုံးခဲ့ပြီဖြစ်သော ငါးနှစ်ကြာပြည်တွင်းစစ်တွင် ပထမဆုံးအကြိမ် ကြီးမားသည့် စစ်ရပ်စဲမှုကြီးဖြစ်သည်။

နိုင်ငံတစ်ဝန်း သူပုန်ခံတပ်များပေါ်သို့ ရုရှားက ပြင်းထန်သည့်လေကြောင်းတိုက်ခိုက်မှု တစ်ရက်ကြာပြုလုပ်ပြီးနောက် ညသန်းခေါင်းယံအချိန်မှစကာ မြို့တော်တစ်ဝိုက်ဆင်ခြေဖုံးဒေသများနှင့် မြောက်ပိုင်းရှိ အလက်ပိုမြို့တစ်ဝိုက်တွင် ပစ်ခတ်မှုများ ရပ်တန့်ခဲ့သည်။ လာတာကီယာပြည်နယ်မြောက်ပိုင်းနှင့် အလယ်ပိုင်းရှိ ဟွမ်စ်နှင့် ဟာမာပြည်နယ်တို့တွင်လည်း ငြိမ်သက်နေကြောင်း ဆီးရီးယား လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့က ပြောသည်။

အပစ်ရပ်စဲရေးတည်တံ့ကာ နောက်ထပ်အကူအညီများ ပို့ပေးပါက မတ် ၇ တွင် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြန်လည်ပြုလုပ်မည်ဖြစ်ကြောင်း ကုလသံတမန် စတတ်ဖန်ဒီမစ္စကျူရာက ပြောသည်။ ယခင်က အပစ်ရပ်စဲရေးကြိုးပမ်းမှုများက အောင်မြင်မှုမရခဲ့ဘဲ မြေပြင်တွင် လက်တွေ့အကောင်အထည်ဖော်ရေးမှာ ခက်ခဲလိမ့်မည်ဟု အမေရိကန်နှင့် ရုရှားတို့က ပြောကြားခဲ့သည်။ အမေရိကန်နှင့် ရုရှားတို့မှာ ဆန့်ကျင်ဘက်အသီးသီးကို ထောက်ခံလျက်ရှိသည်။

အပစ်ရပ်စဲရေးသဘောတူထားသော်လည်း အိုင်အက်စ်နှင့် အယ်လ်နျူဆရာတပ်ဦးအကြမ်းဖက်သမားများကိုမူ တိုက်ခိုက်ရန် ခွင့်ပြုထားရာ ဆီးရီးယား၏ ရှုပ်ထွေးသော စစ်မြေပြင်များတွင် သဘောတူညီမှုက ထိရောက်မှုရှိမရှိ လေ့လာသူများက မေးခွန်းထုတ်လျက်ရှိသည်။ အဆိုပါအဖွဲ့နှစ်ဖွဲ့နှင့် အစိုးရလိုလားသောတပ်ဖွဲ့များကြား ပြောက်တိပြောက်ကြားတိုက်ခိုက်မှုများရှိနေခဲ့သလို အစွန်းရောက်များနှင့် ကာ့ဒ်တပ်ဖွဲ့များကြား တိုက်ခိုက်မှုလည်း ရှိနေသေးသည်။

အပစ်ရပ်စဲရေးသဘောတူညီမှုမတိုင်မီ တစ်နာရီမရှိမီအချိန်တွင် အမေရိကန်နှင့် ရုရှားတို့မူကြမ်းရေးဆွဲသော စစ်ရပ်စဲရေးကို ကုလသမဂ္ဂလုံခြုံရေးကောင်စီက တစ်ညီတစ်ညွတ်တည်းထောက်ခံခဲ့သည်။ အပစ်အခတ်ရပ်စဲရေး တည်တံမှုနှင့် ပတ်သက်၍ သံသယအချို့ရှိသော်လည်း အကြမ်းဖက်မှုလျှော့ချရေးအတွက် အကောင်းဆုံးအခွင့်အလမ်းကိုမူ ပေးအပ်နိုင်ခဲ့သည်ဟု အမေရိကန်သံအမတ်ကြီး ဆာမန်သာပါဝါက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly