စာမေးပွဲမေးခွန်းပေါက်ကြားသည့်ကိစ္စ မကွေးတိုင်းလွှတ်တော်၌ အရေးကြီးအဆိုတင်သွင်း

စာမေးပွဲမေးခွန်းပေါက်ကြားသည့်ကိစ္စ မကွေးတိုင်းလွှတ်တော်၌ အရေးကြီးအဆိုတင်သွင်း

မကွေး၊ ဖေဖော်ဝါရီ ၂၆ ။ ။ မကွေးတိုင်းအတွင်း၊ မြို့နယ်အချို့တွင် ဖေဖော်ဝါရီလအတွင်း ကျင်းပခဲ့သော (၄)တန်းနှင့် (၈)တန်းစာမေးပွဲ မေးခွန်း ပေါက်ကြားခဲ့မှုသည် သက်ဆိုင်ရာဌာနအပါအဝင် နိုင်ငံအတွက် အရှက်ရစေသည့်ကိစ္စဖြစ်၍ ထပ်မံမဖြစ်ပွားရန် နှင့် မကြာမီ ကျင်းပတော့မည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင်လည်း အလားသဏ္ဍန်တူဖြစ်ရပ်မျိုး မဖြစ်စေရေးအတွက် မကွေးတိုင်းအစိုးရက စီမံညွှန်ကြားရေးရန် မကွေးတိုင်းလွှတ်တော်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီမှ တိုင်းလွှတ်တော်အမတ် ဦးနေမျိုးကျော်က အရေးကြီးအဆို တင်သွင်းလိုက်သည်။ 

ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး တတိယနေ့တွင် ဖေဖော်ဝါရီ ၂၇ရက်တွင် အရေးကြီးအဆို တင်သွင်းခဲ့ခြင်း ဖြစ်သည်။ 

မေးခွန်းပေါက်ကြားခဲ့မှုနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့နှင့် ပညာရေးဌာနမှ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိသော်လည်း စုံစမ်းစစ်ဆေးမှုဖြစ်စဉ်နှင့် ပတ်သက်၍ ပြည်သူများအကြား သံသယများ၊ မယုံသင်္ကာမှုများ၊ ဝေဖန်မှုများကို နောက်ဆက်တွဲအဖြစ် ကြားသိနေရကြောင်း၊ ထို့ကြောင့် မေးခွန်းပေါက်ကြားမှုအား စုံစမ်းစစ်ဆေးသည့်အခါ ယခုထက်ပို၍ ပွင့်လင်းမြင်သာမှုရှိရှိ နှင့် တရားမျှတစွာစစ်ဆေးအရေးယူနိုင်ရေး တိုင်းဒေသကြီးအစိုးရက အလေးထားညွှန်ကြားရန် မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ် မဲဆန္ဒနယ် အမှတ်(၂)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးကျော်က မဇ္ဈိမသို့ ပြောသည်။ 

"ကျွန်တော်အနေနဲ့ ဒီမေးခွန်းပေါက်ကြားခဲ့မှုအပေါ် ကျောင်းသားမိဘ တစ်ဦးတစ်ယောက်အနေနဲ့ရော နိုင်ငံသား တစ်ယောက်အနေနဲ့ရော တော်တော်စိတ်မချမ်းမသာဖြစ်ခဲ့ရပါတယ်။ နိုင်ငံတစ်နိုင်ငံမှာ ပညာရေးအခန်းကဏ္ဍဟာ လွန်စွာအရေးကြီးပါတယ်။ နောင်အလားတူပြသနာတွေ မပေါ်ပေါက်ဖို့ တိုင်းဒေသကြီးအစိုးရကို တိုက်တွန်းတဲ့ အရေးကြီးအဆိုကို တင်သွင်းခဲ့ရတာပါ။" ဟု ဦးနေမျိုးကျော်က ပြောသ၉ည်။ 

၎င်း၏ အရေးကြီးအဆိုကို မကွေး၊ မဲဆန္ဒနယ် အမှတ်(၂)မှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ချိုလတ်က ထောက်ခံဆွေးနွေးပြီး လွှတ်တော်က လက်ခံဆွေးနွေးရန် သဘောတူသည့်အတွက် ဆက်လက်ဆွေးနွေးရန် ဖေဖော်ဝါရီ ၂၉ရက်တွင် လွှတ်တော်ရုံး ညွှန်ကြားရေးမှူးထံ အမည်စာရင်း တင်သွင်းရမည်ဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly