ရုရှဒုံးကျည်တိုက်ခိုက်ခံရသည့် ယူကရိန်းအတွက် အဆင့်မြင့် လေကြောင်းရန် ကာကွယ်ရေးစနစ်များ ပေးမည်ဟု ဘိုင်ဒင် ပြော

ရုရှဒုံးကျည်တိုက်ခိုက်ခံရသည့် ယူကရိန်းအတွက် အဆင့်မြင့် လေကြောင်းရန် ကာကွယ်ရေးစနစ်များ ပေးမည်ဟု ဘိုင်ဒင် ပြော

October 11

ရုရှက ယူကရိန်းမြို့များကို ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် ယူကရိန်းအတွက် အဆင့်မြင့် လေကြောင်းရန် ကာကွယ်ရေးစနစ်များ ထောက်ပံ့ပေးသွားမည်ဟု အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးကို အောက်တိုဘာ ၁၀ ရက်တွင် ကတိပြုလိုက်သည်။

ဘိုင်ဒင်က ဇယ်လန်စကီးထံ ဖုန်းဆက်ပြောဆိုရာတွင် အမေရိကန်အနေဖြင့် ယူကရိန်းအတွက် ဆက်လက် ကူညီပံ့ပိုးသွားမည်ဟု ကတိပြုခဲ့သလို အရပ်သားပစ်မှတ်များကို ထိမှန်ခဲ့သည့် ရုရှ၏ “မိုက်မဲသည့် တိုက်ခိုက်မှုများ” ကိုလည်း ပြစ်တင်ရှုတ်ချခဲ့သည်။

“ယူကရိန်းအတွက် အဆင့်မြင့် လေကြောင်းရန် ကာကွယ်ရေးစနစ်တွေအပါအဝင် ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ဖို့ လိုအပ်တဲ့ အကူအညီတွေ ဆက်လက် ပေးအပ်သွားမယ်လို့ သမ္မတ ဘိုင်ဒင်က ကတိပြုခဲ့တယ်” ဟု အိမ်ဖြူတော် ထုတ်ပြန်ချက်တစ်ရပ်တွင် ပြောသည်။

အမေရိကန်နှင့် မဟာမိတ်များအနေဖြင့် ရုရှအပေါ် ထိခိုက်စေရန် ဆက်လက် အရေးယူသွားမည် ဖြစ်သလို စစ်ရာဇဝတ်မှုများနှင့် ရက်စက်ကြမ်းကြုတ်သည့် လုပ်ရပ်များအတွက် ရုရှတို့ တာဝန်ခံရစေရေး လုပ်ဆောင်သွားမည်ဟု ဘိုင်ဒင်က ဇယ်လန်စကီးကို ပြောခဲ့ကြောင်း အိမ်ဖြူတော်က ပြောသည်။ ထို့ပြင် ယူကရိန်းကို လုံခြုံရေး၊ စီးပွားရေးနှင့် လူသားချင်းစာနာမှု အကူအညီများ ဆက်လက်ပေးအပ်သွားမည်ဟု ဘိုင်ဒင်က ပြောခဲ့ကြောင်း သိရသည်။

ဖေဖေါ်ဝါရီ ၂၄ ရက်တွင် ရုရှက ယူကရိန်းကို ကျူးကျော်ပြီးနောက်ပိုင်းက အမေရိကန်သည် ဒေါ်လာ ၁၆ ဒသမ ၈ ဘီလီယံကျော်တန်ဖိုးရှိ လုံခြုံရေး အကူအညီများ ယူကရိန်းကို ပေးထားခဲ့သလို မော်စကိုအပေါ် စီးပွားရေးအရ အရေးယူဒဏ်ခတ်မှုများကိုလည်း ချမှတ်ထားသည်။

(ကိုလူအေး ဘာသာပြန်သည်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required