ပါကစ္စတန်က အမေရိကန် ဒဏ်ခတ်ပိတ်ဆို့မှုကို အကြောင်းပြပြီး အီရန်နှင့် ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းကို ချောင်ထိုးထား

ပါကစ္စတန်က အမေရိကန် ဒဏ်ခတ်ပိတ်ဆို့မှုကို အကြောင်းပြပြီး အီရန်နှင့် ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းကို ချောင်ထိုးထား

ပါကစ္စတန်က ခေါင်းရှောင်နေခြင်းကြောင့် နိုင်ငံနှင့် အီရန်အကြား ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းတစ်ခုကို ဆယ်စုနှစ် တစ်ခုကြာ ရှေ့ဆက်မတိုးနိုင်ဘဲ ဖြစ်စေခဲ့သလို ထိုစီမံကိန်း တိုးတက်မလာခြင်းအတွက် ပါကစ္စတန်က အမေရိကန်၏ ဒဏ်ခတ်ပိတ်ဆို့မှုများအပေါ် အပြစ်ပုံချထားခဲ့ကြောင်း မီဒီယာသတင်းများက ဖော်ပြသည်။

ထိုစီမံကိန်းက ပါကစ္စတန်အတွက် စရိတ်စက သက်သာထိရောက်ပြီး ယုံကြည်အားထားနိုင်သည့် စွမ်းအင်ရင်းမြစ်တစ်ခုအဖြစ် ကမ်းလှမ်းပေးနိုင်စွမ်း ရှိသင့်သော်လည်း   စီမံကိန်းမှာ ရပ်ဆိုင်းနေခဲ့သည်။  ပိုက်လိုင်း စီမံကိန်း၏ ပါကစ္စတန်ဘက်ခြမ်းအပိုင်းသည် တည်ဆောက်ဆဲ အခြေအနေတွင် ဆက်ရှိနေပြီး နောက်ဆုံးသတ်မှတ်ရက်များကိုလည်း အကြိမ်ကြိမ် ရွှေ့ဆိုင်းထားသည်။

 အီရန်ဘက်ကမူ သင့်လျှော်မျှတစွာ လုပ်ဆောင်ထားသည်။ အီရန်သည် ပိုက်လိုင်း၏ ၎င်းတို့ဘက်ခြမ်း အပိုင်းကို ၂၀၁၁ ခုနှစ်ကတည်းက အပြီးသတ်ထားပြီး ဖြစ်သည်။ သို့သော် ပါကစ္စတန်ဘက်ကမူ ပြီးခဲ့သည့်နှစ်များအတွင်း အီရန်၏ အမျိုးမျိုးသော အဆိုပြုကမ်းလှမ်းချက်များကို အချိန်ဆွဲရင်း နှောင့်နှေးကြန့်ကြာစေခဲ့သည်။ များမကြာမီက အီရန်သည် ပိုက်လိုင်း စီမံကိန်း တည်ဆောက်မှုကို ကူညီရန် အမေရိကန်ဒေါ်လာ သန်း ၅၀၀ အထိ ပါကစ္စတန်ကို ကမ်းလှမ်းပေးအပ်ခဲ့သည်။ သို့သော် ပါကစ္စတန်အာဏာပိုင်တို့သည် လက်စမသတ်နိုင်သေးသော လုပ်ငန်းအတွက် အမေရိကန်ဒဏ်ခတ်ပိတ်ဆို့မှုများကို ပြစ်တင်ခဲ့ကြောင်း European Times မီဒီယာက ဖော်ပြသည်။

အရှည် ၂၇၇၅ ကီလိုမီတာ ရှိပြီး ဒေါ်လာ ၇ ဒသမ ၅ ဘီလီယံတန်ကြေးရှိသည့် ဓာတ်ငွေ့ပိုက်လိုင်းသည် အီရန်မှ ပါကစ္စတန်သို့ သဘာဝဓာတ်ငွေ့ ပေးပို့ရန် ရည်ရွယ်သည်။ သဘောတူညီချက်ကို ၂၀၀၉ ခုနှစ်တွင် လက်မှတ် ထိုးခဲ့သည်။ အစိုးရချင်း မူဘောင် ကြေညာချက်နှင့် ဓာတ်ငွေ့ ရောင်းချ၊ ဝယ်ယူမှု သဘောတူညီချက် (GSPA) တစ်ရပ်ကို နှစ်ဖက်အကြား လက်မှတ်ထိုးခဲ့သည်။

၂၀၁၃ ခုနှစ်တွင် အီရန်တွင် ထိုစီမံကိန်းနှင့်ပတ်သက်ပြီး အခမ်းအနားတစ်ခုကို ပြုလုပ်ခဲ့သည်။ သို့သော် ဆယ်စုနှစ်တစ်စုကျော် ကုန်လွန်သွားပြီးနောက် ထိုစီမံကိန်းသည် ပါကစ္စတန်၏ လုပ်ပုံကိုင်ပုံများကြောင့် ဆက်လက် နှောင့်နှေးကြန့်ကြာနေဆဲဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly