ကိုဗစ်-၁၉ အကြောင်း သတိပေးခဲ့သည့် တရုတ်ဆရာဝန်သေဆုံးသည့်ရက်စွဲမှာ ပဟေဠိအဖြစ် ရှိနေဆဲ

ကိုဗစ်-၁၉ အကြောင်း သတိပေးခဲ့သည့် တရုတ်ဆရာဝန်သေဆုံးသည့်ရက်စွဲမှာ ပဟေဠိအဖြစ် ရှိနေဆဲ

ကိုဗစ်-၁၉ ရောဂါကနဦးကူးစက်မှုအကြောင်း ၂၀၂၀ အစပိုင်းက လုပ်ဖော်ကိုင်ဖက်များကို သတိပေးခဲ့သည့် တရုတ်နိုင်ငံမှ မျက်စိအထူးကုပညာရှင်၏ သေဆုံးချိန်ထုတ်ပြန်မှု ရှေ့နောက်မညီညွတ်ချက်များကို အမေရိကန်အခြေစိုက်မီဒီယာ New York Times က ဖော်ပြလိုက်ပြီးနောက် ပဟေဠိဖြစ်ဖွယ်သေဆုံးမှုမှာ သံသယဖြစ်ဖွယ်ပိုကောင်းလာသည်။
 
ဝူဟန်မြို့မှ အသက် ၃၄ နှစ် အရွယ်ရှိ ဒေါက်တာ လီဝန်လျန်သည် ဖေဖော်ဝါရီလက ကိုဗစ်-၁၉ ကူးစက်ခံရကာ သေဆုံးခဲ့သည်။
 
ဒေါက်တာလီသည် ဖေဖော်ဝါရီ ၇ ရက် မနက် ၂ နာရီ ၅၈ မိနစ်က သေဆုံးခဲ့ကြောင်း ဆေးရုံက မနက် ၄ နာရီတွင် ထုတ်ပြန်ခဲ့သော်လည်း ဒေါက်တာလီ နှလုံးခုန်ရပ်ခဲ့ချိန်ဖြစ်သော ဖေဖော်ဝါရီ ၆ ရက် ည ၇ နာရီ ၂၀ မိနစ်မှစ၍ မီဒီယာစာမျက်နှာများတွင် ဒေါက်တာလီနှင့်ပတ်သက်၍ အမျိုးမျိုးသော ထင်ကြေးပေးမှုများ ပေါ်ပေါ်လာသည်။
 
တချို့မီဒီယာဌာနများသည် အချက်အလက်များထုတ်ပြန်ပြီးနောက် ပြန်ဖြုတ်ချသွားခဲ့ကြောင်း New York Times ကဖော်ပြသည်။
 
နိုင်ငံပိုင်မီဒီယာ Life Times က လီသည် ည ၉ နာရီခွဲတွင်သေဆုံးခဲ့သည်ဟု ရေးသားခဲ့သလို တခြားသတင်းဌာနတစ်ခုက လီသေဆုံးချိန်မှာ ဖေဖော်ဝါရီ ၇ ရက် ည ၁၀ နာရီ ၄၀ ဖြစ်သည်ဟု ဆိုသည်။

New York Times မှ သတင်းထောက်အဖွဲ့က ဒေါက်တာလီ၏ လုပ်ဖောက်ကိုင်ဖက်တစ်ဦးနှင့် သီးသန့်မေးမြန်းခန်းတွင် ဒေါက်တာလီ ဆေးရုံ၌ ရှိနေစဉ်အပိုင်းအခြားကာလများကို အလေးထားမေးမြန်းခဲ့သည်။

 “ဒေါက်တာလီကို ဖေဖော်ဝါရီလ ၆ ရက် ည ၉ နာရီလောက်မှာ ကျွန်တော် တွေ့တော့ သူက သေဆုံးနေပါပြီ။ တာဝန်ရှိသူတွေက ကြေညာချက်ထုတ်ဖို့ အချိန်ဆွဲနေကြတာပါ။ ဆေရုံးတွေက ကျွန်တော်တို့ကို လူသားတွေလို မဆက်ဆံပါဘူး” ဟု လီ၏ လုပ်ဖော်ကိုင်ဖက်က ပြောသည်။

ဒေါက်တာလီကို အမှန်တရားပြောဆိုသော ရဲစွမ်းသတ္တိရှိသူအဖြစ် တရုတ်နိုင်ငံတွင် အများက သတ်မှတ်ထားသည်။ လီသည် ကိုရိုနာဗိုင်းရပ်စ်အကြောင်း တခြားသူများကို သတိပေးရန် ကြိုးပမ်းမှုကြောင့် အာဏာပိုင်များ၏ အပြစ်ပေးခြင်းကို ခံရပြီးနောက် ဗိုင်းရပ်စ်ကြောင့် အပြင်းအထန် ဖျားနာလာခဲ့သည်။

သီတင်းပတ်ပေါင်းများစွာအကြာ၌ ဒေါက်တာလီသည် တရုတ်တွင် ကပ်ရောဂါကြောင့် သေဆုံးသူများအနက် အထင်ရှားဆုံးသူဖြစ်လာခဲ့ကာ ကွယ်လွန်ချိန်တွင် အသက် ၃၄ နှစ်ရှိကြောင်း New York Times က ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required