မြန်မာ့လက်နက်ဈေးကွက် ရုရှားသို့ ရောက်မသွားစေရန်  တရုတ်က ပါကစ္စတန်ကို တွန်းအားပေး 

By Economic Times  
10 October 2022
မြန်မာ့လက်နက်ဈေးကွက် ရုရှားသို့ ရောက်မသွားစေရန်  တရုတ်က ပါကစ္စတန်ကို တွန်းအားပေး 

မြန်မာ့လက်နက်ဈေးကွက် ရုရှားဆီရောက်မည်ကို စိုးရိမ်နေသော တရုတ်သည် အဓိကကျသော ကာကွယ်ရေးလက်နက်များကို စစ်ကောင်စီထံ ပံ့ပိုးရန် ပါကစ္စတန်အား တွန်းအားပေးလျက်ရှိသည်။ 

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဂျက်တိုက်လေယာဉ်များ၊ ရဟတ်ယာဉ်များနှင့် ဒုံးကျည်များ ဝယ်ယူမည့်စာရင်းနှင့်အတူ ရုရှားသို့ ပုံမှန်သွားလေ့ရှိသောကြောင့် တရုတ်က မြန်မာအား လက်နက်ဖောက်သစ်အဖြစ်မှ ဆုံးရှုံးရမည်ကို စိုးရိမ်နေသော်လည်း အရေးယူဒဏ်ခတ်မှုများကို ကြောက်ရွံ့သဖြင့် မြန်မာကို လက်နက်များ တိုက်ရိုက်ရောင်းချ၍ မရကြောင်း အဆိုပါကိစ္စကို သတိပြုမိသူများက ပြောသည်။
 
မြန်မာအာဏာသိမ်းစစ်အုပ်စုသည် တရုတ်နှင့်နီးကပ်သော ဆက်ဆံရေးကို ထိန်းသိမ်းထားလျက် ၎င်း၏ လက်လှမ်းမီနိုင်မှုကို တိုးချဲ့ရန် စိတ်အားထက်သန်နေကာ ရုရှားကို ချဉ်းကပ်လျက်ရှိသည်။
 
တရုတ်နိုင်ငံ၏ အားပေးအားမြှောက်လုပ်မှုဖြင့် ပါကစ္စတန်သည် အကြီးစား စက်သေနတ်များ၊ ၆၀ နှင့် ၈၁ မမ မော်တာများနှင့် M-79 ဗုံးပစ်လောင်ချာများကို မြန်မာနိုင်ငံသို့ ရောင်းချရန် စဉ်းစားနေသည်ဟု ဆိုသည်။
 
ပါကစ္စတန်သည် JF-17 တိုက်လေယာဉ်များ ထိန်းသိမ်းရန်နှင့် ဒုံးကျည်များ တင်ပို့ရောင်းချရန် မြန်မာနိုင်ငံအား ကူညီပေးနေကြောင်း အစောပိုင်းတွင် Economic Times က ဖော်ပြခဲ့သည်။ မြန်မာစစ်တပ်သည် ပါကစ္စတန်နှင့် ဆက်ဆံရေးကို တိုးချဲ့ရန် ကြိုးပမ်းနေကာ  JF-17 တိုက်လေယာဉ်အတွက် ပါကစ္စတန်မှ ဝေဟင်မှ မြေပြင်မှ ဒုံးကျည်များ ဝယ်ယူရန် မျက်စိကျနေသည်။
 
မြန်မာစစ်တပ်သည် လွန်ခဲ့သော နှစ်အနည်းငယ်က ပါကစ္စတန်မှ JF-17 Thunder ဘက်စုံသုံး လေယာဉ် ၁၆ စီးကို အမေရိကန်ဒေါ်လာ သန်း ၅၆၀ ဖြင့် ဝယ်ယူခဲ့သည်။ အဆိုပါ လေယာဉ်များကိုPakistan Aeronautical Complex နှင့် တရုတ်၏ Chengdu Aerospace Corporation တို့က ပူးပေါင်းတီထွင်ခဲ့ခြင်း ဖြစ်သည်။

ပါကစ္စတန်သည် ယခင်က ရိုဟင်ဂျာအရေးနှင့်ပတ်သက်၍ မြန်မာအား ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သလို မြန်မာကလည်း ပါကစ္စတန်သည်အစွန်းရောက်ရိုဟင်ဂျာအဖွဲ့ အာရကန်ရိုဟင်ဂျာကယ်တင်ရေးတပ်မတော်(ARSA)  ကို လက်နက်ဆင်ကာ လေ့ကျင့်ပေးနေကြောင်း စွပ်စွဲပြောဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required