တရုတ်နိုင်ငံ ရှင်ကျန်းဒေသတွင် ညှဉ်းပန်းနှိပ်စက်မှုများအကြောင်း ကုလတွင် ဆွေးနွေးရန် အဆိုပြုချက်ကို အိန္ဒိယ မဲမပေး

တရုတ်နိုင်ငံ ရှင်ကျန်းဒေသတွင် ညှဉ်းပန်းနှိပ်စက်မှုများအကြောင်း ကုလတွင် ဆွေးနွေးရန် အဆိုပြုချက်ကို အိန္ဒိယ မဲမပေး

တရုတ်နိုင်ငံ ရှင်ကျန်းဒေသ၏  လူ့အခွင့်အရေးအခြေအနေများအား ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီတွင် ဆွေးနွေးရန် အောက်တိုဘာ ၆ ရက်က တင်သွင်းခဲ့သည့် အဆိုပြုချက် မူကြမ်းကို အိန္ဒိယက ပါဝင်မဲပေးခြင်း မပြုလုပ်ခဲ့ပေ။

တရုတ်၏ ရှင်ကျန်းဝီဂါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ လူ့အခွင့်အရေးအခြေအနေများကို ဆွေးနွေးရန် အဆိုပြုချက်ကို လူ့အခွင့်အရေးကောင်စီအဖွဲ့ဝင် ၄၇ နိုင်ငံအနက် ထောက်ခံမဲ ၁၇ မဲ၊ တရုတ်အပါအဝင် ကန့်ကွက်မဲ ၁၉ နှင့် အိန္ဒိယ၊ ဘရာဇီး၊ မက္ကဆီကို၊ ယူကရိန်းအပါအဝင် ၁၁ နိုင်ငံက ပါဝင်မဲပေးခြင်း မရှိခဲ့ သောကြောင့် ဆွေးနွေးနိုင်ခြင်းမရှိခဲ့ပေ။

ယင်းအဆိုပြုချက်အား တင်သွင်းသည့်နိုင်ငံများတွင် အမေရိကန်၊ ကနေဒါ၊ ဗြိတိန်တို့ ပါဝင်ခဲ့သည်။ 

အဆိုပြုချက်မူကြမ်းကို မဲခွဲမှုမပြုလုပ်ခင် တရုတ်သံတမန်ချန်ကျူက ယခုလုပ်ဆောင်ချက်ကြောင့် အခြားနိုင်ငံများ၏ လူ့အခွင့်အရေးမှတ်တမ်းများကို စစ်ဆေးရမည့် နောက်ဆက်တွဲ အခြေအနေများ ဖြစ်လာနိုင်ကြောင်း သတိပေးခဲ့သည်။

“ဒီနေ့ တရုတ်ကို ပစ်မှတ်ထားပါတတယ်။ နောက်နေ့ကျရင် အခြား ဖွံ့ဖြိုးဆဲနိုင်ငံတွေကိုလည်း အလှည့်ရောက်လာပါလိမ့်မယ်။ 
ထိပ်တိုက်ရင်ဆိုင်မှုအသစ်တွေလည်း ဖြစ်လာပါလိမ့်မယ်” ဟု ချန်ကျူက ပြောကြားသည်။ ကုလသမဂ္ဂလူ့အခွင့်အရေးရုံးက ကြန့်ကြာနေခဲ့သည့် အစီရင်ခံစာတစ်စောင်ကို ဩဂုတ် ၃၁ ရက်က ထုတ်ပြန်ခဲ့ရာတွင် ရှင်ကျန်းဒေသ၌ လူသားချင်းမစာနာသည့် ရာဇဝတ်မှုများပါဝင်သည့် ဆိုးရွားသော လူ့အခွင့်အရေး ချိုးဖောက်မှုများကို တွေ့ရှိရကြောင်း ဖော်ပြခဲ့ရာ တရုတ်နိုင်ငံအပေါ် ဖိအားဖြစ်စေခဲ့သည်။ 

တရုတ်အစိုးရက နိုင်ငံအနောက်ပိုင်း ရှင်ကျန်းဒေသတွင် နေထိုင်သည့် ၁၀ သန်းခန့်ရှိ မွတ်စလင် လူနည်းစုဖြစ်သော ဝီဂါများအပေါ် ထိန်းသိမ်းရေးစခန်းများတွင် အတင်းအဓမ္မခိုင်းစေခြင်းအပါအဝင် နှိပ်စက်ညှဉ်းပန်းမှုများ  လုပ်ဆောင်ထားကြောင်း လူ့အခွင့်အရေး အုပ်စုများက စွပ်စွဲထားသည်။ 

တရုတ်သည် လူမျိုးတုန်း သတ်ဖြတ်မှုများ ကျူးလွန်နေကြောင်း အမေရိကန်ကလည်း စွပ်စွဲထားသည်။ 

တရုတ်က အဆိုပါ စွပ်စွဲချက်အားလုံးကို ငြင်းဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required