တာလီဘန် လက်အောက် အာဖဂန်အမျိုးသမီးများ လူမှုဆိုင်ရာနှင့် စီးပွားရေး အခွင့်အရေးများ ဆုံးရှုံးနေ

တာလီဘန် လက်အောက် အာဖဂန်အမျိုးသမီးများ လူမှုဆိုင်ရာနှင့် စီးပွားရေး အခွင့်အရေးများ ဆုံးရှုံးနေ

အာဖဂန်နစ္စတန်နိုင်ငံတွင် တာလီဘန်လက်အောက် အာဖဂန်အမျိုးသမီးများ၏ အခြေအနေက ဆက်လက် ယိုယွင်းဆိုးရွားနေပြီး ၎င်းတို့သည် အခြေခံ လွတ်လပ်ခွင့်များနှင့် အခွင့်အရေးများ ပိတ်ပင်ခံနေရကြောင်း ကုလသမဂ္ဂ ဆိုင်ရာ အာဖဂန် အမြဲတမ်းမစ်ရှင်၏ ယာယီသံရုံးတာဝန်ခံ နက်ဆီရာ အာမက်ဒ် ဖိုင့်က မကြာသေး ခင်က ကုလ လုံခြုံရေးကောင်စီတွင် ပြောသည်။

 အာဖဂန်နစ္စတန်တွင် တာလီဘန်တို့ ပြန်လည်အာဏာရပြီးနောက်ပိုင်း အာဖဂန်အမျိုးသမီးများနှင့် မိန်းကလေးများသည် စီးပွားရေး၊ လူမှုဆိုင်ရာနှင့် နိုင်ငံရေး နယ်ပယ်အားလုံးမှ စနစ်တကျ ဖယ်ထုတ် ခံထားရကြောင်း ဖိုင့်က စက်တင်ဘာ ၂၇ ရက်က အာဖဂန်နစ္စတန်အရေး ကုလလုံခြုံရေးကောင်စီ အစည်းအဝေး တစ်ခုတွင် ပြောခဲ့ကြောင်း Khaama Press မီဒီယာက ဖော်ပြသည်။

 အမျိုးသမီးများနှင့် မိန်းကလေးများအတွက် အခြေခံအခွင့်အရေးများ မူလအတိုင်း ပြန်လည်ရရှိစေရန် အရေးကြီးကြောင်းကို ၎င်းက အလေးပေး ပြောခဲ့သလို စစ်ဒဏ်ခံထားရသည့် အဆိုပါနိုင်ငံတွင် မိန်းကလေးငယ်များအတွက် စာသင်ကျောင်းများ အမြန်ဆုံး ပြန်ဖွင့်ရန် တောင်းဆိုခဲ့သည်။

 နိုင်ငံတကာ လေ့လာအကဲဖြတ်ချက်များအရ အာဖဂန်နစ္စတန်သည် ယခုအခါ အရေးပေါ် စားနပ်ရိက္ခာ မလုံခြုံမှု အောက်တွင် ကျရောက်နေသူဦးရေ အများဆုံး ရှိနေသည့် နိုင်ငံဖြစ်နေပြီး လူပေါင်း ၂၃ သန်းကျော်သည် အကူအညီ များ လိုအပ်နေသလို ခန့်မှန်းခြေအားဖြင့် ပြည်သူ ၉၅ ရာခိုင်နှုန်းသည် အစားအစာ မလုံလောက်သည့် အခြေအနေနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။

 လူနည်းစုဝင်များ အပါအဝင် ပြည်တွင်းနေရပ်စွန့်ခွာရသူ ၄သန်းကျော်၏ ခုခံနိုင်မှု အားနည်းခြင်းက အထူးတလည် စိုးရိမ်ပူပန်စရာ ဖြစ်နေပြီး အခြားလူပေါင်း ၃ ဒသမ ၅ သန်းကျော်သည် အိမ်နီးချင်းနိုင်ငံများတွင် ခိုလှုံခွင့်ရရန် ကြိုးပမ်းလျက် ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly