HIV အတွက် အစိုးရရဲ့ အသုံးစရိတ်ကို တိုးမြှင့်ရန် UNAIDS မြန်မာပြည်ဌာနေကိုယ်စားလှယ် တိုက်တွန်း

HIV အတွက် အစိုးရရဲ့ အသုံးစရိတ်ကို တိုးမြှင့်ရန် UNAIDS မြန်မာပြည်ဌာနေကိုယ်စားလှယ် တိုက်တွန်း

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆ ။          ။ ခုခံအားကျဆင်းစေသော ဗိုင်းရပ်စ်ပိုး (HIV)ပိုးရှိသူများအတွက် အစိုးရက အသုံးပြုနေသည့် အသုံးစရိတ်ကို ထပ်မံတိုးမြှင့်သင့်သည်ဟု HIV/AIDS အရေးအတွက် အစိုးရနှင့် ပူးပေါင်းလုပ်ဆောင်နေသည့် ကုလသမဂ္ဂအဖွဲ့အစည်းဖြစ်သည့် USAIDက မြန်မာပြည်ဌာနေကိုယ်စားလှယ် Mr. Eamonn Murphy က ပြောသည်။

"အရင်က အစိုးရကဆိုရင် ကျန်းမာရေးအတွက် စိုက်ထုတ်တာ လုံးဝမရှိဘူး။ အကုန်လုံးက နိုင်ငံတကာက ပေးထားတဲ့ ပိုက်ဆံတွေပဲဖြစ်တယ်။ ပြီးခဲ့တဲ့ တစ်နှစ်၊ နှစ်နှစ်ကမှ စပြီးတော့ ပိုက်ဆံထည့်တယ်။ နည်းတော့ နည်းနည်းပေမယ့် ဒါဟာ ကောင်းတဲ့အချက်ဖြစ်တယ်။ ဒါပေမယ့် လာမယ့်ကာလမှာ နိုင်ငံတကာရန်ပုံငွေက ထောက်ပံ့ပေးမယ်ဆိုပေမယ့် နည်းလိမ့်မယ်။ လုံလောက်မှု မရှိနိုင်ဘူး။ အဲ့ဒါကြောင့် လက်ရှိတက်လာမယ့် အစိုးရသည် ဘတ်ဂျက်ရေးဆွဲတဲ့နေရာမှာ HIV ကာကွယ်ရေးနှင့် ကုသရေးအတွက် လုံလောက်တဲ့ပိုက်ဆံ ထည့်ဆွဲပေးဖို့ လိုအပ်တယ်။ ဒီထက်ပိုထည့်ဝင် သုံးစွဲဖို့ ကျွန်တော်တို့က တိုက်တွန်းချင်ပါတယ်။" ဟု Mr. Eamonn Murphy က ပြောသည်။

လက်ရှိတွင် မြန်မာနိုင်ငံအတွက် ခုခံအားကျဆင်းမှုရောဂါ (HIV) တိုက်ဖျက်ရေးဆောင်ရွက်ရန် လိုအပ်သည့် ရန်ပုံငွေကို ကမ္ဘာ့ရန်ပုံငွေအဖွဲ့ (Global Fund)က အဓိက ထောက်ပံ့ပေးနေပြီး HIVအပါအဝင် ရောဂါကြီးသုံးမျိုးဖြစ်သည့် (HIV/AIDS၊ တီဘီရောဂါ၊ ငှက်ဖျားရောဂါ) တို့အတွက် ၂၀၁၃ခုနှစ်မှ ၂၀၁၆ခုနှစ်အထိ အမေရိကန်ဒေါ်လာ သန်း ၁၆၀ ချပေးထားသည်ဟု Global Fund ဝဘ်ဆိုက်တွင် ဖော်ပြချက်အရ သိရသသည်။

3MDG Fund ကမူ HIV/AIDS၊ တီဘီရောဂါ၊ ငှက်ဖျားရောဂါအတွက် ၂၀၁၂ ဇူလိုင်လမှ ၂၀၁၇ ဒီဇင်ဘာလအထိအမေရိကန်ဒေါ်လာ ၂၃ ဘီလီယံ ချပေးထားသည်ဟု 3MDG Fund ၏ ဝက်ဆိုက်စာမျက်နှာတွင် ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံကျန်းမာရေးဝန်ကြီးဌာနကမူ ၂၀၁၄-၂၀၁၅ခုနှစ်တွင် HIV/AIDS အတွက် ရန်ပုံငွေ စတင်စိုက်ထုတ်ခဲ့ပြီး ထိုနှစ်အတွက် မက်သာဒုန်းဆေးဝါးဝယ်ယူရန် အမေရိကန်ဒေါ်လာ ၁သန်း (မြန်မာငွေ ကျပ်သန်း ၁၂၀၀ခန့်) နှင့် ၂၀၁၅-၁၆အတွက် အေအာတီဆေးဝါး ဝယ်ယူရန် ကမ္ဘာ့ရန်ပုံငွေအဖွဲ့၏ ထောက်ပံ့မှုအပြင် ထပ်မံလိုအပ်သည့် အမေရိကန်ဒေါ်လာ ၅သန်း (ကျပ်သန်း ၇၂၀၀ခန့်) ကို စိုက်ထုတ်ထားသည်။

"အခု လာမယ့်ကာလမှာ ၈သန်းလောက်သုံးဖို့ ကျန်းမာရေးဝန်ကြီးဌာနက ရည်မှန်းထားတယ်။ ဒါဟာကောင်းတဲ့အချက်ပေါ့။ ဒီကာကွယ်ရေးလုပ်ငန်းတွေမှာ ပိုပြီးလုပ်နိုင်ဖို့အတွက်ရယ်၊ ကုသမှုတွေ ပိုပြီး ချဲ့ထွင်ဖို့အတွက်အစိုးရဘက်က ဘက်ဂျက်တွေ တိုးပြီး သုံးဖို့လိုအပ်တယ်။"ဟု Mr. Eamonn တိုက်တွန်းလိုက်သည်။

လက်ရှိမြန်မာနိုင်ငံသည် စီးပွားရေးဖွံ့ဖြိုးမှုနှုန်းပိုမိုမြင့်တက်လာသည့်အတွက် နိုင်ငံတကာ အကူအညီများအနေဖြင့် ထပ်မံတိုးမြှင့်မည်မဟုတ်ဘဲ ယခုထက် စီးပွားရေးထပ်မံဖွံ့ဖြိုး လာမည်ဆိုပါကလည်း   ထောက်ပံ့ပေးမှုများကို တဖြည်းဖြည်း လျော့ချသွားနိုင်သည့်အတွက် အစိုးရ၏ စိုက်ထုတ်မှုကို တိုးမြှင့်ရန် တိုက်တွန်းခြင်းလည်းဖြစ်သည်။

ယင်းအပြင် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီး၌ AIDS ကပ်ရောဂါဖြစ်ပွားမှုကို ၂၀၃၀ခုနှစ်တွင် အဆုံးသတ်ရန်  ရည်ရွယ်ချက်ထားရှိကာ စီမံချက်ဖြင့် လုပ်ဆောင်လျက်ရှိသည်။   မြန်မာနိုင်ငံအနေဖြင့် ၂၀၃၀ ရည်မှန်းချက်ကို ပြည့်မီနိုင်သည့် အလားအလာရှိပြီး ယင်းသို့ ပြည့်မီနိုင်ရန် အစိုးရက HIV အတွက် အသုံးပြုသည့် ဘတ်ဂျက်ကို တိုးမြှင့်ပေးရန် လိုအပ်သည်ဟု Mr. Eamonn ပြောသည်။

၂၀၃၀ ရည်မှန်းချက်ကို ပြည့်မှီနိုင်ရန်မှာ ငွေကြေးသုံးစွဲမှုအပြင် နောက်ထပ် အရေးအကြီးဆုံး အချက်မှာ ခွဲခြားဆက်ဆံမှု ပပျောက်ရေးဖြစ်သည်။

ခွဲခြားနှိမ့်ချဆက်ဆံမှုများကြောင့် HIVပိုး တွေ့ရှိထားသူများအနေဖြင့် ဖွင့်ဟပြောဆိုရန်၊ ဆေးစစ်ရန်ပင် မဝံ့ရဲဘဲ အကြောက်တရားများ၊ လွဲမှားသည့် စံသတ်မှတ်များကြောင့် မလိုလားအပ်သော နောက်ဆက်တွဲပြဿနာများ ဖြစ်သည့် ရင်ဆိုင်နေရသည်ဟု မာရီစတုတ်မှ Country Director ဒေါက်တာ စစ်နိုင်က ပြောသည်။

"Descrimination မရှိဘူးလား။ ရှိတယ်။ အစိုးရဆေးရုံတွေမှာရှိတယ်။ အပြင်ဆေးရုံ ဆေးခန်းတွေမှာ ရှိတယ်။ NGO တွေမှာတောင် ရှိတာ ဝန်ခံပါတယ်။ ခွဲခြားဆက်ဆံမှုရှိတာကြောင့်   ဆေးစစ်ဖို့အတွက်တောင် ထွက်မလာတာဖြစ်လာတာပေါ့။ အဲ့ဒါက ဝန်ဆောင်မှုပေးတဲ့သူတွေက လေ့ကျင့်ရမှာ။ ဟိုတုန်းက စိတ်တွေကို ဖျောက်ရမှာ" ဟု ဒေါက်တာ စစ်နိုင်က ပြောသည်။

ခွဲခြားမှုများ ပပျောက်ရေးအတွက် ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုကြီးဖြစ်သည့် Zero Descrimination လှုပ်ရှားမှုတွင် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်က Global Advocate အဖြစ် ခန့်အပ်ခံထာရသူဖြစ်သည်။

"သူ့အနေနဲ့ ဒီနိုင်ငံထဲမှာ ခွဲခြားမှုတွေ နည်းသွားအောင် လုပ်ဖို့ သူ့မှာ role (လုပ်ပိုင်ခွင့်) အပြည့်အဝ ရှိတဲ့အတွက် သူလုပ်မယ်ဆို လုပ်နိုင်ပါတယ်။ လုပ်ဖို့လည်း တိုက်တွန်းပါတယ်။"ဟု Mr. Eamonက ပြောသည်။

လက်ရှိအခြေအနေတွင် သွေးစစ်ပြီး HIV ပိုးတွေ့သူသည် အမျိုးမျိုးသော ခွဲခြားဆက်ဆံမှုများ ရှိနေသည့်အတွက် သွေးစစ်ရမည်ကိုပင် ကြောက်ရွံ့ကာ မလိုလားအပ်သည့် အခြေအနေများနှင့် ကြုံတွေ့နေရသည်ဟုလည်း HIV/AIDS ဝန်ဆောင်မှုပေးနေသောအဖွဲ့အစည်းများက ပြောကြသည်။

"အစိုးရဆေးရုံတွေမှာဆို ဆရာမတွေက ကျွန်တော်တို့လို လူနာတွေကို နားမလည်ဘူး။ ဒီဆရာမတွေက ကျွန်တော်တို့ကို နားမလည်ရင် ပတ်ဝန်းကျင်ကလည်း သိမယ်။ အရှက်ရမယ်ဆိုရင် ကျွန်တော်ကတော့ ဆေးမထုတ်တော့ဘူး။ အရှက်ကို အသက်နဲ့ လဲရမှာပဲ။" ဟု အမျိုးသားချင်း လိင်ဆက်ဆံသူတစ်ဦးဖြစ်ပြီး HIV ပိုးရှိတာကြောင့် ARV ဆေး(HIVပိုးရှိသူများ ခုခံအား   ပြန်တက်လာစေရန် အချိန်မှန် သောက်ရသည့်ဆေး) သုံးစွဲနေရသူ ဇင်ဇင်(အမည်လွှဲ)က ပြောသည်။

မြန်မာနိုင်ငံတွင် ၂၀၁၅ခုနှစ် နောက်ဆုံးကိန်းဂဏန်းအရ HIV ပိုးရှိသူ ခန့်မှန်းလူဦးရေ ၂၁၀,၀၀၀ ရှိပြီး HIV ကူးစက်ခံရသူမှာ ၁၁,၀၀၀ ရှိကာ နေ့စဉ်နေ့တိုင်း HIV ကူးစက်ခံနေရသူမှာ အယောက် ၃၀ရှိသည်ဟုUNAIDS၏ စာရင်းဇယားများအရ သိရသည်။  ယင်းအပြင် ARV ဆေးကုသမှု ရရှိသူမှာမူ တစ်သိန်းကျော်ရှိသည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly