တရုတ်ယွမ်ငွေနှင့်ဒေါ်လာ လဲလှယ်နှုန်း စံချိန်တင်ကျဆင်း

တရုတ်ယွမ်ငွေနှင့်ဒေါ်လာ လဲလှယ်နှုန်း စံချိန်တင်ကျဆင်း

အမေရိကန်ဒေါ်လာနှင့်လဲလှယ်နှုန်းကျဆင်းသွားသောတခြားငွေကြေးများကဲ့သို့ တရုတ်ယွမ်ငွေသည် ပြည်ပကုမ္ပဏီနှင့် ကုန်သွယ်မှုတွင် အမေရိကန်ဒေါ်လာနှင့်လဲလှယ်ရာ၌ စံချိန်တင်အနိမ့်ဆုံးသို့ ကျဆင်းသွားသည်။

ယင်းကုန်သွယ်ရေးလမ်းကြောင်းတွင်  ယွမ်ငွေတန်ဖိုးသည် စက်တင်ဘာ၂၈ရက်တွင် တစ်ဒေါ်လာလျှင် ၇ဒသမ၂၃၈၆သို့ကျဆင်းသွားခဲ့ကြောင်းBloomberg သတင်းဌာနက ဖော်ပြခဲ့ပြီး၂၀၁၀ပြည့်နှစ်တွင် ဟောင်ကောင်၌ တရုတ်ငွေရောင်းဝယ်မှုဆိုင်ရာ စည်းမျဉ်းများကို ဖြေလျှော့ပေးပြီးနောက်အနိမ့်ဆုံးဖြစ်သည်။

 ပြည်ပဈေးကွက်ထက် ပိုမိုတင်းကျပ်စွာထိန်းချုပ်ထားသည့်တရုတ်ပြည်တွင်းလည်ပတ်နေသည့် ပြည်တွင်းကုန်သွယ်မှုတွင် ယွမ်သည်   တစ်ဒေါ်လာလျှင်၇ဒသမ၂၃၀၂သို့အနိမ့်ဆုံးသို့ ကျဆင်းသွားပြီး၂၀ဝ၈ခုနှစ်ကမ္ဘာ့ဘဏ္ဍာရေးအကျပ်အတည်းနောက်ပိုင်းအနိမ့်ဆုံးဖြစ်သည်။

 နိုင်ငံတကာရင်းနှီးမြှုပ်နှံသူများကအစဉ်အလာအရစိတ်ချရသည့်ဒေါ်လာကိုအလျင်စလိုဝယ်ယူနေပြီး အမေရိကန်ဗဟိုဘဏ်က အတိုးနှုန်းများစွာမြှင့်တင်လိုက်ခြင်းကြောင့် ကမ္ဘာ့စီးပွားရေးအလားအလာနှင့် ပတ်သက်၍ အဆိုးမြင်မှုကိုတိုးလာခြင်းကြောင့် ဒေါ်လာသည် တခြားငွေကြေးများနှင့်နှိုင်းယှဉ်ပါက ဆယ်စုနှစ်အတွင်းအမြင့်ဆုံးတက်သွားခဲ့သည်။

မကြာသေးမီလများအတွင်းကိုဗစ်-၁၉ပိတ်ဆို့ကန့်သတ်မှုများ၊မိုးခေါင်မှုနှင့်အကြွေးနွံနစ်နေသည့် အိမ်ခြံမြေဈေးကွက်ကျဆင်းမှုများကြောင့် တရုတ်စီးပွားရေးသည်ဆိုးရွားခဲ့သည်။

 ကမ္ဘာဒုတိယအကြီးဆုံးစီးပွားရေးဖြစ်သည့်တရုတ်၏ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး(GDP) သည်ဧပြီလမှဇွန်လအတွင်းဝဒသမ၄ရာခိုင်နှုန်းသာတိုးတက်ခဲ့သဖြင့်ဒုတိယသုံးလပတ်တွင်စီပွားရေးကျုံ့သွားခြင်းဟူသည့် သတ်မှတ်ချက်ကို အနည်းငယ်သာ ကပ်လွဲခဲ့ရသည်။

အစိုးရချေးငွေအများအပြားတိုးမြှင့်ကာအခွန်အမြောက်အများလျော့ချလိုက်သည့်ဗြိတိန်၏စီးပွားရေးအစီအမံများကိုရင်းနှီးမြှုပ်နှံသူများကအယုံအကြည်မရှိသဖြင့်ပေါင်ကိုစွန့်လွှတ်လိုက်ခြင်းကြောင့်ဗြိတိန်ပေါင်သည်လည်းဒေါ်လာနှင့်လဲလှယ်နှုန်းတွင်စံချိန်တင်အနိမ့်ဆုံးသို့ကျဆင်းသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required