ရုရှတပ်များ လက်နက်ချရန် ယူကရိန်း တိုက်တွန်း 

ရုရှတပ်များ လက်နက်ချရန် ယူကရိန်း တိုက်တွန်း 
Photo - EPA

October 7

“အသက်နှင့် ဘေးကင်းလုံခြုံရေး” ကို အာမခံရင်း ယူကရိန်းကာကွယ်ရေးဝန်ကြီး အိုလက်ဆေး ရက်ဇ်နစ်ကော့ဗ်က ရုရှတပ်ဖွဲ့ဝင်များ လက်နက်ချရန်အတွက် သောကြာနေ့တွင် တိုက်တွန်းလိုက်သည်။ 

“ခင်ဗျားတို့အနေနဲ့ ရုရှကို ကံဆိုးမိုးမှောင် အဖြစ်ဆိုးကနေ ကယ်တင်နိုင်သေးတယ်၊ ရုရှစစ်တပ်ကို အရှက်တကွဲ အကျိုးနည်း ဖြစ်ရာကနေ ကာကွယ်နိုင်သေးတယ်”ဟု ရုရှတပ်ဖွဲ့များသို့ ဗီဒီယိုမိန့်ခွန်းတွင် ရက်ဇ်နစ်ကော့ဗ်က ရုရှဘာသာဖြင့် ပြောဆိုသည်။ 

“မတိုက်ခိုက်တော့ဘူးလို့ ငြင်းဆန်သူ အားလုံးကို အသက်ရှင်ဖို့၊ ဘေးကင်းဖို့နဲ့ တရားမျှတမှု ရရှိဖို့ ကျွန်တော်တို့ အာမခံတယ်၊ ပြီးတော့ ရာဇဝတ်မှုမြောက်တဲ့ အမိန့်ပေးသူတွေကို ခုံရုံးဖွဲ့ဖို့လည်း ကျွန်တော်တို့ အာမခံတယ်”ဟု ၎င်းက ကတိကဝတ်ပြု ပြောဆိုသည်။ 

ရုရှအစိုးရက “ခင်ဗျားတို့ကို လိမ်လည်လှည့်ဖျားပြီး သစ္စာဖောက်နေသည်”ဟုလည်းရက်ဇ်နစ်ကော့ဗ်က ပြောဆိုသည်။ 

“သူတို့အတွက်ကတော့ ပြောဖို့ လွယ်လွယ်လေးပဲ၊ စိတ်ကူးနဲ့ အကောင်အထည်ဖော်ထားတဲ့ နေတိုးအုပ်စုကြီးကို ဆန့်ကျင့်တိုက်ပွဲဝင်ရင်း သမိုင်းဝင် အသက်ပေးရတယ်လို့ ခင်ဗျားတို့ကို သူတို့က အလွယ်လေး ပြောတာပါ၊ အမှန်လည်း နေတိုးနိုင်ငံတွေဟာ ကျွန်တော်တို့ကို လက်နက်တွေ ထောက်ပံ့နေတယ်၊ ဒါပေမဲ့ ယူကရိန်းစစ်သားတွေကပဲ အဲဒီ လက်နက်တွေနဲ့ ခင်ဗျားတို့ကို တိုက်ခိုက်နေတာ ဖြစ်တယ်”ဟု ၎င်းက ပြောသည်။ 

“ယူကရိန်း စစ်သားတွေအတွက် ရုရှမြေတွေ မလိုအပ်ဘူး၊ ကျွန်တော်တို့မှာ ကိုယ်ပိုင်မြေ လုံလုံလောက်လောက် ရှိတယ်၊ ပြီးတော့ ဒီမြေတွေကို အကုန်ပြန်ယူမှာ ဖြစ်တယ်”ဟု ၎င်းက ဆိုသည်။ 

ယူကရိန်းစစ်သားများသည် ပြီးခဲ့သည့် သီတင်းပတ်အနည်းငယ်အတွင်း နိုင်ငံတောင်ပိုင်းနှင့် အရှေ့ပိုင်းတို့တွင် တန်ပြန်ထိုးစစ်များဆင်နွှဲပြီး ပိုင်နက်နယ်မြေ တော်တော်များများကို ပြန်လည် ရယူထားနိုင်သည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required