အီရန်နှင့် ပတ်သက်နေသည့် တရုတ်ကုမ္ပဏီများကို အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့

By SCMP
04 October 2022
အီရန်နှင့် ပတ်သက်နေသည့် တရုတ်ကုမ္ပဏီများကို အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့

၂၀၁၅ခုနှစ်က ပြုလုပ်ခဲ့သည့် အီရန်နျူကလီးယားသဘောတူညီချက်ကို ပြန်လည်အသက်သွင်းရန် ကြိုးပမ်းနေသည့် အမေရိကန်အစိုးရက  တရုတ်နှင့်အိန္ဒိယအခြေစိုက်ကုမ္ပဏီအချို့ အပါအဝင် အီရန်၏ ရေနံဓာတုနှင့်ရေနံကုန်သွယ်မှုတွင်ပါဝင်ပတ်သက်နေသည်ဟုစွပ်စွဲခံထားရသည့် ကုမ္ပဏီများကို  စက်တင်ဘာ၂၉ရက်တွင် ပိတ်ဆို့အရေးယူမှုများ ချမှတ်လိုက်သည်။

အီရန်ရေနံနှင့်ရေနံဓာတုထုတ်ကုန်များရောင်းချမှုအပေါ်တားမြစ်ပိတ်ပင်ရန်ကြိုးပမ်းမှုတစ်စိတ်တစ်ပိုင်းအဖြစ် တရုတ်အခြေစိုက်Zhonggu Storage and Transportation Co Ltd နှင့်WS Shipping Co Ltd တို့ကို အမေရိကန်က ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း အမေရိကန်နိုင်င်ငံခြားရေးဝန်ကြီးအန်တော်နီဘလင်ကင်က ကြေညာချက်တွင် ပြောကြားထားသည်။

 Zhonggu Storage and Transportation Co Ltd .သည်အီရန်ရေနံများအတွက်စီးပွားဖြစ် ရေနံစိမ်း သိုလှောင်သည့် လုပ်ငန်းပိုင်း လုပ်ကိုင်နေကြောင်းနှင့်WS Shipping Co Ltd သည် အီရန်ရေနံထွက်ကုန်များ ပို့ဆောင်ပေးသည့်သင်္ဘောကုမ္ပဏီအဖြစ်လုပ်ဆောင်နေကြောင်းဘလင်ကင်ကစွပ်စွဲထားသည်။

အမေရိကန်ဘဏ္ဍာရေးဌာနသည်တောင်နှင့်အရှေ့အာရှသို့ဒေါ်လာသန်းရာနှင့်ချီတန်ဖိုးရှိအီရန်ရေနံဓာတုနှင့်ရေနံထွက်ပစ္စည်းရောင်းချမှုတွင်ပါဝင်ပတ်သက်နေသည့်ကုမ္ပဏီများ၏ကွန်ရက်ကိုလည်းပိတ်ဆို့အရေးယူမှုများချမှတ်ခဲ့သည်။

 အဆိုပါလုပ်ရပ်သည်အာရပ်စော်ဘွားများပြည်ထောင်စု၊ဟောင်ကောင်နှင့်အိန္ဒိယရှိအီရန်ပွဲစားများနှင့်ရှေ့တန်း ကုမ္ပဏီများကိုပစ်မှတ်ထားခြင်းဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာနက သီးခြားထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
 
နျူကလီးယားသဘောတူစာချုပ်ကိုပြန်လည်အသက်သွင်းမည့် အလားအလာများ မှေးမှိန်သွားခြင်းကြောင့် အီရန်၏ရေနံဓာတုပစ္စည်းများတင်ပို့မှုနှင့်ပတ်သက်၍အမေရိကန်ကတရုတ်ကုမ္ပဏီများကိုပိုမိုပစ်မှတ်ထားခဲ့သည်။
 
ပူးပေါင်းလွှမ်းခြုံလုပ်ငန်းစီမံချက် (JCPOA) ဟုခေါ်သော သဘောတူညီချက်အရဖော်ဆောင်သည့် သွယ်ဝိုက်ဆွေးနွေးပွဲများလည်း ပျက်ပြားသွားခဲ့သည်။

 ၂၀၁၅ခုနှစ်သဘောတူညီချက်တွင်အီရန်၏ယူရေနီယံသန့်စင်ရေးလုပ်ဆောင်ချက်ကို ကန့်သတ်ထားသဖြင့် အီရန်ကနျူကလီးယားလက်နက်များတီထွင်ရန်ခက်ခဲစေခဲ့ပြီးအပြန်အလှန်အားဖြင့်နိုင်ငံတကာကပိတ်ဆို့အရေးယူမှုများကို ရုတ်သိမ်းပေးခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly