မြိတ်မြို့တွင် COVID-19 ရောဂါတွေ့ရှိသူ ၇ ဦး အနက် ၁ ဦး သေဆုံး

မြိတ်မြို့တွင် COVID-19 ရောဂါတွေ့ရှိသူ ၇ ဦး အနက် ၁ ဦး သေဆုံး

October 6

မဇ္ဈိမ ။ ။တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်တွင် ယမန်နေ့က COVID-19 ရောဂါ ပြန်လည်ကူးစက်ခံရသူ ခုနစ်ဦးရှိပြီး ယနေ့ အောက်တိုဘာလ ၆ ရက်နေ့ နံနက်ပိုင်းတွင် အဆိုပါရောဂါဖြင့် တစ်ဦး သေဆုံးသွားကြောင်း လူမှုကူညီရေးအသင်းများထံမှ သိရသည်။

COVID-19 ရောဂါကြောင့် သေဆုံးသူမှာ သံဃာတော် တစ်ပါး ဖြစ်သည်ဟု မြိတ်မြို့ရှိ လူမှုကူညီရေးအသင်း အဖွဲ့ဝင်တစ်ဦးက ပြောသည်။

မြိတ်မြို့ လူမှုကူညီရေးအသင်းမှ အဖွဲ့ဝင်တစ်ဦးက“မြိတ်မှာ မနေ့က ကိုဗစ်(COVID-19)ကူးစက်ခံရသူ ခုနစ်ဦးထဲက တစ်ဦး ဒီနေ့ မနက်က ဆုံးသွားတာ ဖြစ်တယ်”ဟု ပြောသည်။

ယမန်နေ့ အောက်တိုဘာလ ၅ ရက်နေ့တွင် COVID-19 ရောဂါ ကူးစက်ခံရသူ ခုနစ်ဦး တွေ့ရှိပြီးနောက် မြို့ပေါ် ရပ်ကွက်များတွင် MASK တပ်ဆင် သွားလာကြရန် ရပ်ကွက်အလိုက် လိုက်လံနှိုးဆော်ခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။

အလားတူ ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်တွင် ပြီးခဲ့သည့် အောက်တိုဘာလ ၄ ရက်နေ့က အသက် လေးနှစ်အရွယ် ကလေးငယ် တစ်ဦး COVID-19 ရောဂါဖြင့် ကွယ်လွန်ခဲ့ကြောင်း နာရေးကူညီမှုအသင်း-ထားဝယ်၏ ထုတ်ပြန်ချက်အရ သိရသည်။

တနင်္သာရီတိုင်းအတွင်းရှိ ခရိုင်နှင့် မြို့နယ်များတွင် တစ်နေ့ထက် တစ်နေ့ COVID-19ရောဂါ ကူးစက်ခံရသူ တဖြည်းဖြည်း များလာနေပြီး ပြီးခဲ့သည့် တစ်ပတ် အတွင်း တနင်္သာရီတိုင်းတွင် COVID-19‌ ရောဂါ ကူးစက်ခံရသူ ၂၃ ဦး အထိ ရှိခဲ့ကြောင်း တိုင်းကျန်းမာရေးဌာနက ထုတ်ပြန်ထားသော အချက်အလက်များအရ သိရသည်။

စစ်ကောင်စီလက်အောက်ခံ ကျန်မာရေးဝန်ကြီးဌာနသည် အောက်တိုဘာ ၄ ရက်နေ့ ည ၈ နာရီမှ အောက်တိုဘာ ၅ ရက်နေ့ ည ၈ နာရီအထိ COVID-19 ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲနမူနာစုစုပေါင်း ၁၂,၄၇၉ခုကို စစ်ဆေးခဲ့သည်။ ထိုသို့ စစ်ဆေးရာတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၄၆၅ ဦး တွေ့ရှိရပြီး သေဆုံးသူ မရှိဟု ထုတ်ပြန်ထားသည်။

စာတည်း။ ။ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)

#တနင်္သာရီတိုင်း

#COVID-19

#ကူးစက်ခံရ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly