မန္တလေးတွင် ဓားပြတိုက်မှုဖြစ်ပွား အိမ်ရှင်အမျိုးသမီး ၂ ဦးအသတ်ခံရ

မန္တလေးတွင် ဓားပြတိုက်မှုဖြစ်ပွား အိမ်ရှင်အမျိုးသမီး ၂ ဦးအသတ်ခံရ

October 6

မန္တလေး(မဇ္ဈိမ)။ ။မန္တလေးမြို့တွင် ယနေ့ အောက်တိုဘာ ၆ ရက်နေ့ နံနက်အစောပိုင်းက နေအိမ်တစ်အိမ်ဓားပြတိုက်ခံရပြီး အိမ်ရှင်အမျိုးသမီးနှစ်ဦး အသတ်ခံရကြောင်း သိရသည်။

ယနေ့ နံနက် ၄ နာရီခန့်က ပြည်ကြီးတံခွန်မြို့နယ် ၇၂ လမ်း၊ ၁၁၈ လမ်းနှင့် ၁၁၉ လမ်းကြား၊ ငွေတော်ကျီကုန်း ရပ်ကွက်ရှိ အိမ်နှင့်ဆေးဆိုင်တွဲလျက်ဖွင့်ထားသည့်နေအိမ်သို့ ဓားပြဝင်တိုက်သွားခြင်းဖြစ်ကြောင်း ဒေသခံ သတင်းရင်းမြစ်များထံက သိရသည်။

“၇၂ လမ်းပေါ်က သီရိဆေးဆိုင်ကိုဓားပြဝင်တိုက်တာ။ လူပါသတ်သွားတယ်။ အိမ်ရှင်အမျိုးသမီးနှစ်ယောက်လို့ ကနဦးသိထားတယ်။ အခုကအဲဒီဘက်မှာ စကစ(စစ်ကောင်စီတပ်)တွေခြေရှုပ်နေတော့ ဝင်မရဘူး ဒါလောက်ပဲ သိရသေးတယ်” ဟု ရပ်ကွက်ဒေသခံတစ်ဦးကပြောသည်။

ဓားပြတိုက်ခံရမှုကြောင့် ရွှေငွေပစ္စည်းများပါသွားကြောင်း သိရပြီး အသေးစိတ်အခြေအနေကို သိရှိနိုင်ရန် မဇ္ဈိမမှ ဆက်လက်စုံစမ်းလျက်ရှိသည်။

လက်ရှိတွင် ဓားပြတိုက်ခံရသည့်နေအိမ်အနီးတစ်ဝိုက်သို့ စစ်ကောင်စီတပ်သားများ ရောက်ရှိနေပြီး လမ်းပိတ် စစ်ဆေးမှုများ ပြုလုပ် နေသည်ကိုတွေ့ရသည်။

စာတည်း။ ။မောင်ကောင်း

စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

#မန္တလေး

#ဓားပြတိုက်

#အိမ်ရှင်၂ဦး

#အသတ်ခံရ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly