မြောက်ကိုရီးယားအပေါ် ပိုမိုပြင်းထန်သော ဒဏ်ခတ်ပိတ်ဆို့မည့်အစီအစဉ်များ လုံခြံုရေးကောင်စီသို့ အမေရိကန်တင်သွင်း

မြောက်ကိုရီးယားအပေါ် ပိုမိုပြင်းထန်သော ဒဏ်ခတ်ပိတ်ဆို့မည့်အစီအစဉ်များ လုံခြံုရေးကောင်စီသို့ အမေရိကန်တင်သွင်း

နယူးယောက်၊ ဖေဖော်ဝါရီ ၂၆ ။             ။ မြောက်ကိုရီးယားအပေါ် ပိုမိုပြင်းထန်သော ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ရန် ရည်ရွယ်သော ဆုံးဖြတ်ချက်မူကြမ်းတစ်ခုကို တရုတ်၏ ထောက်ခံမှုနှင့် အတူ အမေရိကန်က လုံခြုံရေးကောင်စီသို့ တင်လိုက်ပြီဖြစ်သည်။

မကြာသေးမီက မြောက်ကိုရီးယား၏ နျူကလီးယားစမ်းသပ်မှုနှင့် ဒုံးကျည်စမ်းသပ်မှုတို့အပေါ် တုံ့ပြန်မှုဖြစ်သည်။ ယခုအရေးယူဆောင်ရွက်မှုများအရ မြောက်ကိုရီးယားသို့ ဝင်ထွက်သော ကုန်များကို စစ်ဆေးရန် ကုလသမဂ္ဂအဖွဲ့ဝင်အားလုံး ပါဝင်ရန်လိုမည်ဖြစ်သည်။ နှစ် ၂၀ကျော်ကာအတွင်း လုံခြုံရေးကောင်စီက ပြဋ္ဌာန်းသော ပိတ်ဆို့မှုများတွင် အားအကောင်းဆုံးဖြစ်မည်ဟု ကုလဆိုင်ရာ အမေရိကန်သံအမတ် ဆာမန်သာပါဝါက ပြောသည်။

မဲပေးဆုံးဖြတ်မှုများကို သီတင်းပတ်ကုန်တွင် ပြုလုပ်မည်ဟု မျှော်လင့်ရသည်။ မြောက်ကိုရီးယားသည် ဖေဖော်ဝါရီလက တာဝေးပစ်ဒုံးကျည်ကို စမ်းသပ်ပစ်လွှတ်ခြင်းသည်လည်းကောင်း၊ ဇန်နဝါရီလက နျူကလီးယားစမ်းသပ်ခြင်းသည်လည်းကောင်း ကုလ၏ တားမြစ်ချက်များကို ပြောင်ပြောင်တင်းတင်းချိုးဖောက်ခြင်းဖြစ်သည်ဟု ရှုမြင်ကြသည်။

အဆိုပြုထားသော ပိတ်ဆို့မှုများတွင် ကုလအဖွဲ့ဝင်နိုင်ငံများအားလုံး မြောက်ကိုရီးယားသို့ ဝင်ထွက်သည့် ကုန်ပစ္စည်းများကို စစ်ဆေးရမည်။ တရားမဝင်ကုန်ပစ္စည်းများ သယ်လာသည်ဟု သံသယရှိသော မြောက်ကိုရီးယားသင်္ဘောများကို ကမ္ဘာတစ်ဝန်းရှိ ဆိပ်ကမ်းများက တားဆီးရမည်။ လက်နက်များရောင်းချမှုအပါအဝင် မြောက်ကိုရီးယားလက်နက်တင်ပို့မှုကို ကျယ်ပြန့်စွာ လုပ်ဆောင်ရမည်။ ဒုံးလောင်စာအပါအဝင် မြောက်ကိုရီးယားသို့ လေယာဉ်ဆီ ထောက်ပံ့ရောင်းချမှုကို တားမြစ်သည်။

တရုတ်ကလည်း မြောက်ကိုရီးယား၏ စမ်းသပ်ပစ်လွှတ်မှုများကို ပြစ်တင်ရှုတ်ချသည်။ သို့သော်လည်း ယခင်က မြောက်ကိုရီးယား၏ တည်ငြိမ်မှုကို ခြိမ်းခြောက်နိုင်သော ပိတ်ဆို့မှုများကို ထောက်ခံရန် ဆန္ဒမရှိခဲ့ပေ။

ယခုပိတ်ဆို့မှုများမှာ ပြဋ္ဌာန်းဖြစ်ပါက မြောက်ကိုရီးယားသို့ ရှင်းလင်းပြတ်သားသော အလျှော့မပေးသော သတင်းစကားပေးပို့ခြင်းဖြစ်မည်ဟု မစ္စပါဝါကပြောသည်။ ထို့အပြင် မြောက်ကိုရီးယား၏ နျူပြန့် ပွားအောင်လုပ်ခြင်းကို ကမ္ဘာက လက်ခံလိမ့်မည်မဟုတ်ဘဲ မြောက်ကိုရီးယား၏လုပ်ရပ်များအတွက် အကျိုးဆက်များရှိလာမည်ဟူ၍လည်း ၎င်းကပြောသည်။

မြောက်ကိုရီးယားကုန်သွယ်မှု၏ ၉၀ ရာခိုင်နှုန်းမှာ တရုတ်နှင့်ကုန်သွယ်ခြင်းဖြစ်သည်။ သို့သော်လည်း အဆိုပြထားသော ပိတ်ဆို့မှုများတွင် တရုတ်နှင့် ကုန်သွယ်ခြင်းကို တားမြစ်ပိတ်ပင်မထားပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly