အီရန်အမျိုးသမီး သေဆုံးမှု ဆန္ဒပြပွဲ အာဖဂန်နစ္စတန်အထိ ကူးစက်

အီရန်အမျိုးသမီး သေဆုံးမှု ဆန္ဒပြပွဲ အာဖဂန်နစ္စတန်အထိ ကူးစက်

အမျိုးသမီးငယ်တစ်ဦး သေဆုံးမှုကြောင့် ပေါ်ပေါက်ခဲ့သည့် အီရန်ဆန္ဒပြပွဲများက အာဖဂန်နစ္စတန်သို့လည်း ကူးစက်ရောက်ရှိခဲ့ပြီး ပြီးခဲ့သည့် ရက်ပိုင်းက အာဖဂန် အမျိုးသမီးအခွင့်အရေး တက်ကြွလှုပ်ရှားသူများက အီရန်နိုင်ငံ၌ သေဆုံးသွားသည့် မာဟ်ဆာ အာမီနီ အမည်ရှိ အမျိုးသမီးကို ထောက်ခံကြောင်း ပြသရန် အာဖဂန်ရှိ အီရန်သံရုံးရှေ့၌ ဆန္ဒပြခဲ့ကြသည်။

အာဖဂန်နစ္စတန်ရှိ လက်ရှိ ကြားဖြတ်အစိုးရအနေဖြင့် အစ္စလမ္မစ် စံတန်ဖိုးများအပေါ် အခြေခံပြီး အမျိုးသမီးများ၏ အခွင့်အရေးများကို အာမခံပြီးဖြစ်ကြောင်း တာလီဘန်အစိုးရ၏ လက်ထောက် ပြောရေး ဆိုခွင့်ရှိသူ ဘီလယ် ကာရီမီက ပြောကြားပြီးနောက် ယခုဆန္ဒပြပွဲ ပေါ်ပေါက်ခြင်း ဖြစ်ကြောင်း TOLO news က ဖော်ပြသည်။

“အီရန်ရဲ့ မာဟ်ဆာလိုမျိုး မိမိတို့ဟာ မိမိတို့ရဲ့ အသံတွေကို ဖွင့်ဟထုတ်ဖော်တာဖြစ်တယ်။ ဘာလို့လဲဆိုတော့ အာဖဂန်နစ္စတန်မှာလည်း လူအများအပြားဟာ မာဟ်ဆာလိုမျိုး ဘေးဒုက္ခမျိုး ကြုံခဲ့ရလို့ပါ” ဟု ဆန္ဒပြသူတစ်ဦး ဖြစ်သည့် ရှုကရီယာက ပြောသည်။

ထို့ပြင် “အမျိုးသမီး၊ ဘဝနှင့် လွတ်လပ်ခွင့်” ဆိုသည့် ကြွေးကြော်သံကိုလည်း ဆန္ဒပြသူများက ကြွေးကြော်ခဲ့ကြသည်။

အာဖဂန်တွင် အစ္စလမ္မစ် စံနှုန်းတန်ဖိုးများအပေါ် အခြေတည်ပြီး အမျိုးသမီးများ၏ အခွင့်အရေးကို အာမခံ ကြောင်း တာလီဘန်အာဏာပိုင်တို့က အစောပိုင်းက ပြောခဲ့သည်။
 
“တာလီဘန်အစိုးရအနေနဲ့ နိုင်ငံမှာ ကလေးပဲဖြစ်ဖြစ်၊ လူကြီးပဲဖြစ်ဖြစ် နိုင်ငံသားအားလုံးရဲ့ အခွင့်အရေးတွေကို အစ္စလမ္မစ် စံပုံစံတစ်ခုနဲ့အညီ အာမခံထားပြီး ဖြစ်ပါတယ်” ဟု ကာရီမီက ပြောကြောင်း TOLO news က ဖော်ပြသည်။
 
အီရန်နိုင်ငံတွင် မာဟ်ဆာ အာမီရီ အမည်ရှိ အမျိုးသမီးတစ်ဦး သေဆုံးမှုကြောင့် နိုင်ငံတွင်းသာမက နိုင်ငံပြင်ပတွင်ပါ တုံ့ပြန်မှုများကို ပျံ့နှံ့ဖြစ်ပေါ်စေခဲ့သည်။ အီရန်တွင် အသက် ၂၂ နှစ်အရွယ် မာဟ်ဆာ အာမီရီ အမည်ရ အမျိုးသမီးတစ်ဦးသည် ခေါင်းစည်းပုဝါကို မလျော်မကန် ခြုံပြီး အမျိုးသမီးများ၏ ဝတ်စားဆင်ယင်မှုနှင့် ပတ်သက်သည့် အာဏာပိုင်တို့၏ တင်းကျပ်သည့် စည်းမျဉ်းများကို ချိုးဖောက်သည်ဟု ဆိုကာ ဖမ်းဆီးခံရပြီး နောက်  ရဲတပ်ဖွဲ့၏ ထိန်းသိမ်းချုပ်နှောင်မှုကို ခံနေရစဉ် သေဆုံးသွားခဲ့၍ နိုင်ငံတစ်ဝန်း အမျိုးသမီးများ၏ ဆန္ဒပြမှုများကို ပျံ့နှံ့ပေါ်ပေါက်စေခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required