အချုပ်အခြာအာဏာနှင့်ပတ်သက်၍ တရုတ်၏ မှားယွင်းသောပြောဆိုချက်ကို ထိုင်ဝမ် လက်မခံ

အချုပ်အခြာအာဏာနှင့်ပတ်သက်၍ တရုတ်၏ မှားယွင်းသောပြောဆိုချက်ကို ထိုင်ဝမ် လက်မခံ

တရုတ်ကွန်မြူနစ်ပါတီ (CCP) ၏ပြန်လည်ပေါင်းစည်းရေး ရည်မှန်းချက်နှင့် ပတ်သက်၍ တရုတ်ဝန်ကြီးချုပ် လီခေ့ချန်၏ ပြောကြားချက်ကို ထိုင်ဝမ်က အောက်တိုဘာ ၂ ရက်က ပြန်လည်ချေပခဲ့ပြီး ၎င်းသည် ထိုင်ဝမ်၏တရားဝင်မှုကို လျော့ကျစေရန် ကြိုးပမ်းခြင်းသာဖြစ်သည်ဟု တုံ့ပြန်လိုက်သည်။

တရုတ်ကွန်မြူနစ်ပါတီ (CCP) က ပေကျင်းတွင် ကျင်းပသော အမျိုးသားနေ့ အခမ်းအနားတွင် ထိုင်ဝမ်နှင့် ပေါင်းစည်းရေး အောင်မြင်ရန် ကတိပြုခဲ့ခြင်းအပေါ် ထိုင်ဝမ်က မိမိ၏ အချုပ်အခြာအာဏာကို လျော့ပါးစေသော တရုတ်၏ ကြိုးပမ်းမှုများကို မည်သည့်အခါမှ လက်ခံမည်မဟုတ်ကြောင်း ပြည်မကြီးရေးရာကောင်စီ (MAC) က အောက်တိုဘာ ၁ ရက်တွင် ပြောလိုက်ကြောင်း Taipei Times က ဖော်ပြသည်။

ထိုသို့ပြောဆိုချက်သည် ထိုင်ဝမ်၏ တရားဝင်မှုနှင့် အချုပ်အခြာအာဏာကို လျော့ပါးစေရန် ကြိုးပမ်းမှု ဖြစ်ပြီး ယင်းကဲ့သို့ အယူအဆများကို လက်မခံကြောင်း ကောင်စီက ပြောသည်။

တရုတ်ကွန်မြူနစ်ပါတီ၏ ပြောဆိုချက်သည် ငြိမ်းချမ်းသော ရေလက်ကြားဖြတ်ကျော်ဆက်ဆံရေးကို အထောက်အကူမပြုဟုလည်း ပြည်မကြီးရေးရာကောင်စီက ပြောသည်။

 တရုတ်နိုင်ငံတော်ကောင်စီမှ ကြီးမှူးကျင်းပသည့် အဆိုပါအခမ်းအနားတွင် တရုတ်သမ္မတ ရှီကျင့်ဖျင်၊ တရုတ်ဝန်ကြီးချုပ် လီခေ့ချန်၊ အခြား CCP ပေါ်လစ်ဗျူရို အမြဲတမ်းကော်မတီဝင် ၅ ဦးနှင့် ဒုသမ္မတ ဝမ်ချိရှန်း အပါအဝင် တရုတ်နိုင်ငံနှင့် ပြည်ပမှ ဧည့်သည် ၅၀၀ တက်ရောက်ခဲ့သည်။

 ရေလက်ကြားဖြတ်ကျော်ဆက်ဆံရေးနှင့် ပတ်သက်၍ လီခေ့ချန်က ထိုင်ဝမ်ပြဿနာကို ဖြေရှင်းရန် CPP ၏ အထွေထွေဗျူဟာများကို အကောင်အထည်ဖော်ရန် အလွန်အရေးကြီးကြောင်းလည်း ပြောကြားခဲ့သည်။

ပြည်မကြီးရေးရာကောင်စီက ထိုင်ဝမ်ပြည်သူများ၏ ရွေးချယ်မှုတွေကို လေးစားလိုက်နာရန်CCP ကို တောင်းဆို လိုက်ပြီး ရေလက်ကြားတစ်လျှောက် ငြိမ်းချမ်းရေးနှင့် လက်ရှိအနေအထားကို နှောင့်ယှက်သည့် တရုတ်၏ ကြိုးပမ်းမှုကို နိုင်ငံတကာအသိုင်းအဝိုင်းက ပြင်းပြင်းထန်ထန် ကန့်ကွက်ကြကြောင်း ပြောခဲ့သည်ဟု Taipei Times က ဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required