တစ်ပိုင်းလျှပ်ကူးပစ္စည်း ချစ်ပ်ပြားအကျပ်အတည်းကြောင့် အမေရိကန်နှင့်တရုတ်အကြား နည်းပညာတိုက်ပွဲ အရှိန်မြင့်လာ

တစ်ပိုင်းလျှပ်ကူးပစ္စည်း ချစ်ပ်ပြားအကျပ်အတည်းကြောင့် အမေရိကန်နှင့်တရုတ်အကြား နည်းပညာတိုက်ပွဲ အရှိန်မြင့်လာ

တရုတ်နှင့် ထိုင်ဝမ်အကြား ရေလက်ကြားဖြတ်ကျော် တင်းမာမှုများ မြင့်တက်လာချိန်တွင် ကမ္ဘာတစ်ဝန်း၌ တစ်ပိုင်းလျှပ်ကူးပစ္စည်း ချစ်ပ်ပြားများ ပြတ်လပ်နေပြီး အမေရိကန်နှင့် တရုတ်အကြား နည်းပညာဆိုင်ရာ စစ်အေးတိုက်ပွဲကို အရှိန်မြင့်လာစေသည်။
 
ဘိုင်ဒင်အစိုးရသည်တရုတ်နိုင်ငံ၏ နည်းပညာဆိုင်ရာ ရည်မှန်းချက်များကို ဟန့်တားရန် တန်ပြန်အရေးယူမှုများ ဆက်လက်လုပ်ဆောင်နေချိန်တွင် တရုတ်နိုင်ငံနှင့် ကုန်သွယ်မှုပြုသည့် အမေရိကန်ကုမ္ပဏီများအတွက် စည်းမျဉ်း အသစ်များကို မကြာသေးမီက ထုတ်ပြန်လိုက်သည်ဟု Global Strat Viewကဖော်ပြသည်။

ကူးသန်းရောင်းဝယ်ရေးဌာနသည် ဩဂုတ်လ ၉ ရက်နေ့တွင် သုတေသနနှင့် အဆင့်မြင့်နည်းပညာ ကုန်ထုတ် လုပ်မှုအတွက် အမေရိကန်ဒေါ်လာ ၂၈၀ ဘီလီယံ မတည်ငွေတစ်စိတ်တစ်ပိုင်းအဖြစ်ယေဘုယျအားဖြင့် ချစ်ပ်ပြား ထုတ်လုပ်မှုအတွက် ရည်ရွယ်လျက် ပြည်တွင်းတစ်ပိုင်းလျှပ်ကူးပစ္စည်းလုပ်ငန်း ခိုင်မာတောင့်တင်းစေရန်ဒေါ်လာ ၅၀ ဘီလီယံ မတည်မည့်ချစ်ပ်ပြားနှင့် သိပ္ပံပညာဆိုင်ရာ ၂၀၂၂ အက်ဥပဒေကို မိတ်ဆက်ခဲ့သည်။

ဘိုင်ဒင်အစိုးရသည် တရုတ်အပေါ် တင်းကျပ်သောစီမံချက်ချရာတွင် အကြောင်းရင်း ၂ ခုရှိသည်။

ပထမတစ်ချက်မှာ တရုတ်သည် တစ်ပိုင်းလျှပ်ကူးကိရိယာများကို လက်နက်ပြုကာ ဖျက်လိုဖျက်ဆီးရည်ရွယ်ချက်အတွက် အသုံးပြုနေခြင်းကို အမေရိကန်နှင့် ဖွံ့ဖြိုးပြီးနိုင်ငံအများစုက စိုးရိမ် နေခြင်းကြောင့်ဖြစ်သည်။

မကြာသေးခင်က တရုတ်အစိုးရမှ အထောက်အပံ့ပြုထားသော ဆိုက်ဘာတိုက်ခိုက်မှုများ မြင့်တက်လာခြင်း ကြောင့် အမေရိကန်တွင် စိုးရိမ်မှုများ ကြီးထွားလာသည်။

ဒုတိယအချက်အနေဖြင့် တရုတ်က စစ်ရေးရည်ရွယ်ချက်များအတွက် တစ်ပိုင်းလျှပ်ကူးပစ္စည်းများနှင့် ချစ်ပ်ပြားများကို အသုံးပြုမည်ကိုလည်း အမေရိကန်က စိုးရိမ်လျက်ရှိသည်။ ဤအကြောင်းများကြောင့် အမေရိကန်က တရုတ်ကုမ္ပဏီများကို ဖိအားဆက်ပေးနေခြင်းဖြစ်သည်။

ချစ်ပ်ပြားအက်ဥပဒေအပြင် အမေရိကန်သည် 'Chip 4' ခေါ်  အလုပ်အဖွဲ့၏ ပဏာမအစည်းအဝေးကို မကြာသေးမီက ကျင်းပခဲ့ပြီး တစ်ပိုင်းလျှပ်ကူးပစ္စည်းထုတ်လုပ်ဖြန့်ဖြူးရောင်းချရေးနှင့် ပူးပေါင်းဆောင်ရွက်မှုကို ဆွေးနွေးခဲ့ကြောင်း Global Strat View က ဖော်ပြခဲ့သည်။

အဆိုပါအဖွဲ့တွင် ကမ္ဘာ့အကြီးဆုံးချစ်ပ်ပြားကုမ္ပဏီဖြစ်သည့် Taiwan Semiconductor Manufacturing Co Ltd ၊ တောင်ကိုရီးယား မန်မိုရီချစ်ပ်ကုမ္ပဏီကြီး Samsung Electronics Co Ltd နှင့် SK Hynix နှင့် အဓိကကျသော ဂျပန်တစ်ပိုင်းလျှပ်ကူးပစ္စည်းနှင့်စက်ပစ္စည်းရောင်းချသူများ ပါဝင်သည်။

ယင်းအခြေအနေများသည် အမျိုးသားလုံခြုံရေးခြိမ်းခြောက်မှုများအကြားတွင် ပေါ်ပေါက်လာခြင်းဖြစ်ပြီး အမေရိကန်ကုမ္ပဏီများအား လာမည့်နှစ်အနည်းငယ်အတွင်း ဤချစ်ပ်ပြားကဏ္ဍတွင် တရုတ်နှင့်ရောင်းဝယ် ကုန်သွယ်မှု တားမြစ်လိုက်ခြင်းပင်ဖြစ်သည်။ အချုပ်အားဖြင့်ဆိုသော် အမေရိကန်အခြေစိုက်ကုမ္ပဏီများအား အထူးသဖြင့် တရုတ်နိုင်ငံတွင် ချစ်ပ်ပြားနှင့်ဆက်စပ်၍ ရင်းနှီးမြှပ်နှံခြင်းနှင့် တီထွင်ခြင်းများအား ခွင့်မပြုတော့ပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required