လူအများအပြား သေဆုံးခဲ့သည့် ကဘူးလ်မြို့ ပညာရေးစင်တာ ဖောက်ခွဲတိုက်ခိုက်မှု ကုလ ရှုတ်ချ

လူအများအပြား သေဆုံးခဲ့သည့် ကဘူးလ်မြို့ ပညာရေးစင်တာ ဖောက်ခွဲတိုက်ခိုက်မှု ကုလ ရှုတ်ချ

အာဖဂန်နစ္စတန်နိုင်ငံ မြို့တော် ကဘူးလ်၏ အနောက်ပိုင်းဧရိယာတွင် ပြီးခဲ့သည့် ရက်ပိုင်းက ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုဖြစ်စဉ်အပေါ် အာဖဂန် လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးအစီရင်ခံစာတင်သွင်းသူ ရစ်ချတ် ဘန်းနက်က ပြစ်တင်ဝေဖန်လိုက်ပြီး နိုင်ငံတကာ ပြစ်မှုများ ကျူးလွန်နေခြင်းကို ရပ်ဆိုင်းရေး တိုက်တွန်းခဲ့သည်။

ကဘူးလ်မြို့ Kaaj ပညာရေးစင်တာအတွင်း စက်တင်ဘာ ၃၀ ရက်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ လူ ၁၉ ဦး ထက်မနည်း သေဆုံးပြီး လူဒါဇင်များစွာ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
 
“ကျောင်းသားတွေကို ပစ်မှတ်ထားတဲ့ ဒီနေ့ ဖြစ်ပွားတဲ့ ကြောက်မက်ဖွယ် တိုက်ခိုက်မှုကို ကျွန်တော် ရှုတ်ချတယ်” ဟု ဘန်းနက်က ပြောကြားခဲ့သလို ၂၀၁၈ တိုက်ခိုက်မှုဖြစ်စဉ်တစ်ခုကို ပြန်ပြောင်းပြောကြားခဲ့သည်။
 
“ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်က ဒက်ရှ်-အီ-ဘာချီ ရပ်ကွက်မှာ ပညာရေးအကယ်ဒမီကျောင်းတစ်ခု တိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။ ကျောင်းသားတွေဆိုတာ ပစ်မှတ်တွေ မဟုတ်ပါဘူး။ ISKP အဖွဲ့က တူညီတဲ့ ဒီနေရာမှာပဲ တိုက်ခိုက်ခဲ့တာပါ။ ၂၀၁၈ က ဖြစ်စဉ်လိုမျိုး အခု နောက်တစ်ကြိမ် ထပ်ဖြစ်ခဲ့ပြန်ပါပြီ။ ဟာဇာရာတွေနဲ့ ရှီးယားတွေရဲ့ ပညာသင်ကြားမှုအပေါ် အပြင်းအထန် တိုက်ခိုက်တာကို ရပ်ဆိုင်းရပါလိမ့်မယ်။ အာဖဂန်နစ္စတန်ရဲ့ အနာဂတ်အပေါ် တိုက်ခိုက်တာတွေကို ရပ်ဆိုင်းပါ။ နိုင်ငံတကာ ပြစ်မှုတွေ ကျူးလွန်နေတာကို ရပ်ဆိုင်းပါ” ဟု ၎င်းက ပြောသည်။
 
တိုက်ခိုက်မှုမဖြစ်ခင် ရိုက်ကူးထားသည့် Kaaj အကယ်ဒမီ၏ ဓာတ်ပုံကို ဘန်းနက်က ၎င်း၏ တွစ်တာအကောင့်တွင် ဝေမျှခဲ့သည်။

“ဒါကတော့ တိုက်ခိုက်မှု မဖြစ်ခင် Kaaj ပညာရေးအကယ်ဒမီကို ရိုက်ထားတဲ့ ဓာတ်ပုံပါ။ ဒီမှာ သူတို့ရဲ့ လက်တွေ့ စာမေးပွဲတွေကို ဖြေဖို့ စိတ်အားထက်သန်စွာ စောင့်နေတဲ့ ကျောင်းသားတွေနဲ့ ပြည့်နေပါတယ်။ သူတို့ဟာ သူတို့ရဲ့ ပိုမိုတောက်ပတဲ့ အနာဂတ်အတွက် မျှော်လင့်ချက် အပြည့်နဲ့ ရှိနေခဲ့ကြတာ။ ဒီနေရာမှာ သိထားရမှာက အာဖဂန်နစ္စတန်ရဲ အနာဂတ်ဆိုတာ နိုင်ငံတကာ ရာဇဝတ်မှုတွေ ကျူးလွန်နေတာကို ရပ်ဆိုင်းဖို့၊ ကျူးလွန်သူတွေကို တာဝန်ခံခိုင်းစေဖို့နဲ့ လူငယ်တွေကို ပညာသင်ကြားပေးဖို့အပေါ်မှာ မူတည်နေပါတယ်” ဟု ဘန်းနက်က ပြောသည်။

 အစောပိုင်းကလည်း ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ကလည်း ထိုပေါက်ကွဲမှုဖြစ်စဉ်ကို ပြစ်တင် ရှုတ်ချသွားခဲ့ပြီး အာဖဂန်တွင် ပညာရေး အဆောက်အအုံနေရာများအတွင်း သို့မဟုတ် ဝန်းကျင်တွင် အကြမ်းဖက်ခြင်းက လက်ခံနိုင်စရာ မရှိကြောင်း ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly