မြောက်ကိုရီးယား၏ စမ်းသပ်မှုကို တုံ့ပြန်ပြီး တောင်ကိုရီးယားနှင့် အမေရိကန်တို့ ဒုံးကျည်များ ပစ်လွှတ် 

မြောက်ကိုရီးယား၏ စမ်းသပ်မှုကို တုံ့ပြန်ပြီး တောင်ကိုရီးယားနှင့် အမေရိကန်တို့ ဒုံးကျည်များ ပစ်လွှတ် 
Photo - EPA

October 5

ဂျပန်နိုင်ငံအပေါ် ဖြတ်သန်းပြီး ပဲ့ထိန်းဒုံးကျည် စမ်းသပ်ပစ်လွှတ်ခဲ့သည့် မြောက်ကိုရီးယားကို တုံ့ပြန်ပြီး တောင်ကိုရီးယားနှင့် အမေရိကန်စစ်တပ်တို့သည် ပင်လယ်ထဲသို့ ဒုံးကျည်တွဲများ ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယားက ဗုဒ္ဓဟူးနေ့တွင် ပြောသည်။ 

မြောက်ကိုရီးယား၏ အဝေးကွာဆုံး ရောက်ရှိသည့် ဒုံးကျည်ဖြစ်နိုင်သော အဆိုပါ စမ်းသပ်မှုနှင့် ပတ်သက်ကာ ကမ္ဘာ့က ပြစ်တင်ရှုတ်ချမှုများ မြင့်တက်နေစဉ်မှာပင် တောင်ကိုရီးယားနှင့် အမေရိကန်တို့က တုံ့ပြန်ခြင်းပင် ဖြစ်သည်။ 

ပြီးခဲ့သည့် အင်္ဂါနေ့က မြောက်ကိုရီးယားသည် ငါးနှစ်အတွင်း ပထမဆုံးအဖြစ် တာလတ်ပစ်ပဲ့ထိန်းဒုံးကျည် IRBM ကို ဂျပန်နိုင်ငံပေါ်က ဖြတ်ပြီး ပစ်လွှတ်ရာ ဂျပန်တွင် အချို့သော ပြည်သူများအတွက် ဘေးကင်းရာ ရွှေ့ပြောင်းရေး လုံခြုံရေးသတိပေးချက်များ ထုတ်ပြန်ခဲ့ရသည်။ 

တောင်ကိုရီးယားနှင့် အမေရိကန်တို့သည် စစ်ရေးပြသမှုများဖြင့် တုံ့ပြန်ပြီး အရှေ့ပင်လယ် ခေါ် ဂျပန်ပင်လယ်တွင် မြေပြင်မှ မြေပြင် ဒုံးကျည်များကို ပစ်လွှတ်ခဲ့ခြင်း ဖြစ်သည်ဟု တောင်ကိုရီးယား စစ်တပ်က ပြောသည်။ 

စစ်တပ်နှစ်တပ်စလုံးသည် ပင်လယ်တွင်းသို့ ATACMS တာတိုပစ် ပဲ့ထိန်းဒုံးကျည်များကို ပစ်ခတ်ရာ “ရည်ရွယ်ပစ်မှတ်ကို တိတိကျကျ ထိမှန်ကြောင်း” တောင်ကိုရီးယားစစ်ဦးစီးချုပ်ရုံးက ထုတ်ပြန်သည်။ 

ယင်းသို့ ပစ်လွှတ်ရာတွင် တောင်ကိုရီးယား၏ ဒုံးကျည်တစ်စင်းက ပစ်မှတ်မထိမှန်ဘဲ ပစ်လွှတ်ပြီးနောက် ကျရောက်ပေါက်ကွဲသော်လည်း အသေအဆုံး မရှိကြောင်း ယင်းစစ်တပ်က ဆိုသည်။ 

ပင်လယ်ဝါတွင် အင်္ဂါနေ့က တောင်ကိုရီးယားနှင့် အမေရိကန် တိုက်လေယာဉ်များသည် ရည်ရွယ်ပစ်မှတ်များကို ဗုံးကြဲသည့် စစ်ရေးလေ့ကျင့်မှုများလည်း ဆောင်ရွက်ထားသည်။ 

ယခု စစ်ရေးလေ့ကျင့်မှုသည် “ဖြစ်လာနိုင်သော မြောက်ကိုရီးယား၏ ရန်စမှုများကို တုံ့ပြန်ရာ၌ အသင့်ရှိမှု စစ်စွမ်းရည်”အတွက် ဖြစ်ကြောင်း အမေရိကန် အမျိုးသားလုံခြုံရေးကောင်စီ ပြောခွင့်ရသူ ဂျွန်ကားဘီက CNN သတင်းဌာနသို့ ပြောသည်။ 

ပြီးခဲ့သည့်လက တောင်ကိုရီးယား ရေတပ်နှင့် ပူးတွဲစစ်ရေးလေ့ကျင့်ခဲ့သည့် နျူကလီးယားစွမ်းအင် USS Ronald Reagan လေယာဉ်တင်သင်္ဘော ပြန်လည်ရောက်ရှိလာမည်ဟု တောင်ကိုရီးယားစစ်တပ်က ဗုဒ္ဓဟူးနေ့တွင် ကြေညာခဲ့သည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required