လာလီဂါချန်ပီယံဆုကို စီရော်နယ်ဒို လက်မလျှော့သေး

လာလီဂါချန်ပီယံဆုကို စီရော်နယ်ဒို လက်မလျှော့သေး

မက်ဒရစ်၊ ဖေဖော်ဝါရီ ၂၆ ။             ။ ရီးယဲလ်အသင်း၏ အဓိက တိုက်စစ်မှူး စီရော်နယ်ဒိုက လာလီဂါချန်ပီယံဆုကို လက်မလျှော့သေးကြောင်းနှင့် အဆုံးထိ တိုက်ပွဲဝင်သွားမည် ဖြစ်ကြောင်း ပြောဆို လိုက်သည်။

စီရော်နယ်ဒိုက ယခုတစ်ပတ်တွင် တွေ့ဆုံရမည့် အက်သလက်တီကိုအသင်းနှင့် မက်ဒရစ်ဒါဘီပွဲစဉ်တွင် အနိုင်ကစားပြီး ဘာစီလိုနာကို စတင်စိန်ခေါ်သွားရန် ဆန္ဒပြင်းပြလျက်ရှိသည်။

'လာလီဂါချန်ပီယံဆုကို ရရှိဖို့ အလွန်ခက်ခဲတဲ့ အနေအထားဆိုတာ ကျွန်တော်တို့ သိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ အဆုံးထိ တိုက်ပွဲဝင်သွားမှာပါ။

ဘောလုံးအားကစားဆိုတာ အံ့သြစရာတွေနဲ့ ပြည့်နှက်နေတာပါ။ ဘာမဆို ဖြစ်ပျက်သွားနိုင်ပါတယ်။

အက်သလက်တီကိုအသင်းက ယှဉ်ပြိုင်ရခက်ခဲတဲ့အသင်းပါ။ သူတို့က ခံစစ်အလွန်ကောင်းသလို စွန့်စားမှုတွေလည်း သိပ်မလုပ်ပါဘူး။

ဒီပွဲက အိမ်ကွင်းမှာ ကစားရမှာဖြစ်လို့ ကျွန်တော်တို့ ရရှိရမယ့် အိမ်ကွင်းနိုင်ပွဲ နောက်တစ်ပွဲပါ။ အိမ်ကွင်းပွဲတွေမှာ ကစားခဲ့တဲ့ ပုံစံအတိုင်း အကောင်းဆုံးကစားသွားမှာပါ' ဟု စီရော်နယ်ဒိုက ပြောဆို ခဲ့သည်။

လက်ရှိအချိန်တွင် ရီးယဲလ်အသင်းမှာ ရမှတ် ၅၄ မှတ်ရရှိထားပြီး ဇယားထိပ်ဆုံးမှ ဘာစီလိုနာနှင့် ကိုးမှတ်၊ ဒုတိယနေရာမှ အက်သလက်တီကိုနှင့် တစ်မှတ် ကွာဟနေသည်။

ရည်ညွှန်း ဖွတ်ဘောအက်စ်ပန်နာ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly