မြောက်ကိုရီးယားက ဂျပန်ကို ကျော်ပြီး ပဲ့ထိန်းဒုံး ပစ်လွှတ်

မြောက်ကိုရီးယားက ဂျပန်ကို ကျော်ပြီး ပဲ့ထိန်းဒုံး ပစ်လွှတ်
Photo - EPA

October 4

မြောက်ကိုရီးယားသည် တာလတ်ပစ် ပဲ့ထိန်းဒုံးကျည် (IRBM) တစ်စင်းကို အောက်တိုဘာ ၄ ရက်က စမ်းသပ်ပစ်လွှတ်ခဲ့ရာ ထိုဒုံးကျည်သည် ဂျပန်နိုင်ငံပေါ်မှ ဖြတ်ပျံသွားခဲ့သည့်အတွက် ဂျပန်အာဏာပိုင်တို့အနေဖြင့် နိုင်ငံ၏ ဒုံးကျည် သတိပေးမှု စနစ်ကို အသက်သွင်းခဲ့ရပြီး ပြည်သူများကို ဘေးလွတ်ရာ အကာအကွယ်ယူကြရန် ညွှန်ကြားခဲ့ရသည်။

မြောက်ကိုရီးယားသည် ဤမတိုင်မီ ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်က ဂျပန်နိုင်ငံကို ကျော်ပြီး ဒုံးကျည်တစ်စင်း နောက်ဆုံး စမ်းသပ်ပစ်လွှတ်ထားခဲ့ပြီး အဆိုပါ ၂၀၁၇ ခုနှစ်သည် ပြုံယမ်းခေါင်းဆောင် ကင်မ်ဂျုံအန်းနှင့် ထိုစဉ်က အမေရိကန်သမ္မတဖြစ်သည့် ဒေါ်နယ်ထရမ့်တို့အကြား အပြန်အလှန် စကားလုံး စစ်ထိုးမှုများနှင့်အတူ ထိလွယ်ရှလွယ် ကာလတစ်ခု ဖြစ်ခဲ့သည်။

IRBM ဒုံးကျည်တစ်စင်း ပစ်လွှတ်မှုကို သိရှိခဲ့ကြောင်း တောင်ကိုရီးယားစစ်တပ်က ပြောကြားပြီး ထိုဒုံးကျည်သည် အမြင့် ၉၇၀ ကီလိုမီတာခန့်ဖြင့် အကွာအဝေး ၄,၅၀၀ ကီလိုမီတာ (၂,၈၀၀ မိုင်) ခန့် ပျံသန်းသွားခဲ့ကြောင်းနှင့် အမြန်နှုန်းက အသံထက် ၁၇ ဆ ပိုမြန်သည့် နှုန်းရှိကြောင်း ပြောသည်။

“အထူး အသေးစိတ်အချက်တွေကိုတော့ တောင်ကိုရီးယားနဲ့ အမေရိကန် ထောက်လှမ်းရေးတို့က အသေအချာ ခွဲခြမ်းစိတ်ဖြာနေပါတယ်” ဟု တောင်ကိုရီးယား၏ ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့က ထုတ်ပြန်သည်။

မြောက်ကိုရီးယား၏ ယခုလုပ်ရပ်က ကုလသမဂ္ဂ ပြဋ္ဌာန်းချက်များကို ချိုးဖောက်သည့် “ရန်စမှု” တစ်ခု ဖြစ်ကြောင်း တောင်ကိုရီးယားသမ္မတ ယွန်းဆော့ယောက ပြောသည်။

အမေရိကန်၊ နိုင်ငံတကာ အသိုင်းအဝိုင်းနှင့်အတူ ပူးပေါင်းလျက် အလားတူ လိုက်လျောညီထွေသည့် အစီအမံများ လုပ်ဆောင်ရန်နှင့် တင်းမာစွာ တုံ့ပြန်ရန် သမ္မတ ယွန်းက ညွှန်ကြားခဲ့ကြောင်း ၎င်း၏ ရုံးက ထုတ်ပြန်သည်။

မြောက်ကိုရီးယားတို့ IRBM တစ်စင်း ပစ်လွှတ်ကြောင်းကို ဂျပန်ကလည်း အတည်ပြုပြီး နိုင်ငံတွင် ဒုံးကျည် သတိပေးစနစ် ထုတ်ခဲ့ရသလို ပြည်သူများကိုလည်း ဘေးကင်းရာ အကာအကွယ်ယူကြရန် တိုက်တွန်းခဲ့ရကြောင်း ပြောသည်။

“မြောက်ကိုရီးယားဟာ ဒုံးကျည်တစ်စင်း ပစ်လွှတ်လိုက်ပုံပါပဲ။ ကျေးဇူးပြုလို့ အဆောက်အအုံတွေထဲ ဒါမှမဟုတ် မြေအောက်မှာ ဘေးလွတ်ရာနေရာယူကြပါ” ဟု ဒေသစံတော်ချိန် မနက် ၇ နာရီ ၂၉ မိနစ်တွင် ထုတ်ပြန်သည့် သတိပေးချက်တွင် ပြောသည်။

ထို သတိပေးချက်က နိုင်ငံ၏ မြောက်ပိုင်းဒေသနှစ်ခုတွင် အကျုံးဝင်ခဲ့ကြောင်း ဂျပန်နိုင်ငံပိုင် NHK ရုပ်သံက ပြောသည်။

“ပဲ့ထိန်းဒုံးတစ်စင်းဟာ မိမိတို့ နိုင်ငံပေါ်ကနေ ဖြတ်သွားပြီး ပစိဖိတ် သမုဒ္ဒရာထဲ ကျသွားတယ်လို့ ယုံကြည်ရပါတယ်။ မကြာသေးခင်က ပဲ့ထိန်းဒုံးတွေ ထပ်တလဲလဲ ပစ်လွှတ်ပြီးနောက် ဒါက အကြမ်းဖက်တဲ့ လုပ်ရပ်တစ်ခုပါ။ ဒီလုပ်ရပ်အပေါ် မိမိတို့ အပြင်းအထန် ရှုတ်ချတယ်” ဟု ဂျပန် ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါက သတင်းထောက်များကို ပြောသည်။

(ကိုလူအေး ဘာသာပြန်သည်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly