ရုရှားမှ လောင်စာဆီ၊ ဓာတ်ငွေ့နှင့် ဂျုံကို လျှော့ဈေးဖြင့် တာလီဘန် ဝယ်ယူမည်

ရုရှားမှ လောင်စာဆီ၊ ဓာတ်ငွေ့နှင့် ဂျုံကို လျှော့ဈေးဖြင့် တာလီဘန် ဝယ်ယူမည်

အာဖဂန်နစ္စတန်၏ တာလီဘန်တို့သည် ရုရှားနိုင်ငံထံမှ ဂျုံ၊ ဓာတ်ငွေ့နှင့် လောင်စာဆီတို့ကို ဝယ်ယူတင်သွင်းမည့် သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ထိုးလိုက်ကြောင်း အာဖဂန်အစိုးရတာဝန်ရှိသူများက ပြောသည်။
 
ဓာတ်ဆီ၊ ဒီဇယ်၊ ဓာတ်ငွေ့ နှင့် ဂျုံ အပါအဝင် ထုတ်ကုန်များကို ရုရှားငွေကြေး အသုံးပြုပြီး “အထူးလျှော့ဈေး” နှုန်းထားတစ်ရပ်ဖြင့် ဝယ်ယူသွားမည် ဖြစ်ကြောင်း တာလီဘန် ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။

ရုရှားဘက်က လျှော့ဈေးဖြင့် ကုန်သွယ်မည့် သဘောတူညီချက်ကို သဘောတူထားသည်ဆိုသော်လည်း ဈေးနှုန်းသတ်မှတ်မှု၊ ငွေပေးချေမှု နည်းလမ်းများနှင့်ပတ်သက်ပြီး အသေးစိတ်အချက်အလက်များကို တာလီဘန် အရာရှိက ပြောကြားခြင်း မရှိပေ။

ရုရှားသည် ယူကရိန်းကို ကျူးကျော်ပြီးနောက် အနောက်အုပ်စု၏ အရေးယူဒဏ်ခတ်ခြင်းကို အပြင်းအထန် ခံထားရစဉ် ယခု သဘောတူညီချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

အနောက်အုပ်စုနိုင်ငံများ၏ ပြစ်ဒဏ်ခတ်သော အစီအမံများကြောင့် ရုရှားအနေဖြင့် ပို့ကုန်တင်ပို့မှုများကို ဥရောပမှ အာရှသို့ မဖြစ်မနေ ပြောင်းလဲထားခဲ့ရသည်။

အာဖဂန်နစ္စတန်တွင် ယမန်နှစ် ဩဂုတ်လက အာဏာပြန်ရပြီးနောက် တာလီဘန်တို့အတွက် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၊ ကုန်သွယ်မှုနှင့် ကူးပြောင်းမှုတို့က အဓိက ဦးစားပေးကိစ္စတစ်ခုအဖြစ် ဆက်ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required