ပါကစ္စတန် ခိုင်ဘာ ပက်ခ်တွန်ခဝါတွင် အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များ ဖြစ်ပွားမှု မြင့်တက်နေ၍ ဒေသခံများ စိုးရိမ်ပူပန်နေ

ပါကစ္စတန် ခိုင်ဘာ ပက်ခ်တွန်ခဝါတွင် အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များ ဖြစ်ပွားမှု မြင့်တက်နေ၍ ဒေသခံများ စိုးရိမ်ပူပန်နေ

ပါကစ္စတန်နိုင်ငံ ခိုင်ဘာ ပက်ခ်တွန်ခဝါပြည်နယ် မာလာကန်း ခရိုင်တွင် တီရစ်-အီ-တာလီဘန် ပါကစ္စတန် (TTP) အဖွဲ့ ပြန်လည် ပေါ်ထွက်လာမှုကြောင့် ဒေသခံပြည်သူများအကြား စိုးရိမ်ပူပန်မှုကို ဖြစ်ပေါ်စေသလို ထိုဒေသတွင် နေ့စဉ်နီးပါးဆိုသလို တရားဥပဒေ စိုးမိုးရေးဆိုင်ရာ စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည်။

ဒေသတွင် ဥပဒေစိုးမိုးရေး အခြေအနေ ယိုယွင်းလာနေခြင်း၊ ရည်ရွယ်ချက်ထား သတ်ဖြတ်ခြင်း၊ ခြိမ်းခြောက် ငွေညှစ်ခြင်းနှင့် အတင်းအကျပ် ဖမ်းဆီး ပျောက်ကွယ်စေမှုများအပေါ် ကန့်ကွက်ဆန္ဒပြရန် မိုဟ်မန် ခရိုင် ဆာဖီ အရပ်ရှိ မျိုးနွယ်စု ကောင်စီတစ်ခု၏ အဖွဲ့ဝင်များက ခရိုင်ရှိ ပြည်သူ့စစ်တပ်ဖွဲ့ခွဲတစ်ခု၏ ဂိတ်အပြင်ဘက်တွင် ထိုင်သပိတ်တစ်ခု ပြုလုပ်မည်ဟု ကြေညာထားကြောင်း Islam Khabar မီဒီယာက ဖော်ပြသည်။

ဆာဖီ အရပ်မှ စတင်ပြီး ခရိုင်ဌာနချုပ် ဂါလာနာအီသို့ ငြိမ်းချမ်းစွာ လမ်းလျှောက်ချီတက်မည် ဖြစ်ကြောင်းနှင့် ပါဝင်ချီတက်သူများအနေဖြင့် ဂါလာနာအီတွင် ထိုင်သပိတ် ပြုလုပ်မည်ဖြစ်ကြောင်း မျိုးနွယ်စု ကောင်စီ အဖွဲ့ဝင်များက ပြောသည်။

ဆန္ဒပြပွဲတွင် လူအစုအဖွဲ့ဆိုင်ရာ အကြီးအကဲများ၊ နိုင်ငံရေး၊ ဘာသာရေး ခေါင်းဆောင်များနှင့် ကျောင်းသားများ ပူးပေါင်းပါဝင်ကြရန် မျိုးနွယ်စု ကောင်စီက ပန်ကြားခဲ့သည်။

မျိုးနွယ်စုဝင်များအပေါ် ခြိမ်းခြောက်ငွေညှစ်ခြင်း၊ ရည်ရွယ်ချက်ထား သတ်ဖြတ်ခြင်းနှင့် အတင်းအကျပ် ဖမ်းဆီးဖျောက်ဖျက်ခြင်း တို့ကို ဆန့်ကျင်ပြီး ထိုင်သပိတ်ပြုလုပ်မည် ဖြစ်ကြောင်း ဆာဖီ အရပ်မှ ဂရန်းဒ်အာမန် မျိုးနွယ်စုကောင်စီ ခေါင်းဆောင် မာလစ် ဇာဟစ် ခန်း ဆာဖီက ပြောသည်။

ထို့ပြင် ပျောက်ဆုံးနေသူများကို အမြန်ဆုံး ပြန်ရှာတွေ့စေရန် ဆောင်ရွက်ပေးရေး ၎င်းက အစိုးရကို တောင်းဆိုခဲ့ကြောင်း Islam Khabar မီဒီယာက ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required