အာဖဂန်နစ္စတန်၏ ပြည်တွင်းရေး ဝင်မစွက်ရန် ပါကစ္စတန်ကို တာလီဘန် ပြော

အာဖဂန်နစ္စတန်၏ ပြည်တွင်းရေး ဝင်မစွက်ရန် ပါကစ္စတန်ကို တာလီဘန် ပြော

အာဖဂန်နစ္စတန်နိုင်ငံတွင် အကြမ်းဖက်အုပ်စုအဖွဲ့များ ရှိနေကြောင်း ပါကစ္စတန်ဝန်ကြီးချုပ် ရှာဘတ်ဇ် ရှာရစ်က ၇၇ ကြိမ် မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ အစည်းအဝေးတွင် ပြောကြားခဲ့မှုအပေါ် အာဖဂန် တာလီဘန်တို့က ပြန်လည်တုံ့ပြန်လိုက်ပြီး အာဖဂန်နစ္စတန်၏ ပြည်တွင်းရေးကိစ္စများတွင် ဝင်ရောက်ခြယ်လှယ်မှု ကို ရပ်ဆိုင်းရေး ပါကစ္စတန်ကို တောင်းဆိုလိုက်သည်။

အာဖဂန်နစ္စတန်၏ ပြည်တွင်းရေးကိစ္စများတွင် ဝင်ရောက်စွက်ဖက်နေမှုကို ရပ်ဆိုင်းရေး ပါကစ္စတန်ကို  တာလီဘန် နိုင်ငံခြားရေးဝန်ကြီးဌာန၏ နိုင်ငံရေးဆိုင်ရာ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ရှား မိုဟာမက် အာဘတ်စ် စတန်နက်ဇိုင်းက တိုက်တွန်းလိုက်ခြင်းဖြစ်ကြောင်း Tolo News က ဖော်ပြသည်။

ပါကစ္စတန်၏ ပြောဆိုချက်များက မှန်ကန်မှု မရှိကြောင်းနှင့် ထို ပြောကြားချက်များကို အာဖဂန်နစ္စတန်အနေဖြင့် ရှုတ်ချကြောင်း စတန်နက်ဇိုင်းက ပြောသည်။ အာဖဂန်နစ္စတန်နှင့် ပတ်သက်ပြီး ထိုကဲ့သို့ ထုတ်ပြန် ပြောကြားခြင်းမျိုး လုပ်ဆောင်ရန် မိမိတို့အနေဖြင့် မည်သူ့ကိုမှ ခွင့်ပြုပေးမည် မဟုတ်ကြောင်း ၎င်းက ပြောသည်။

“ပါကစ္စတန် ဝန်ကြီးချုပ်ရဲ့ လုပ်ရပ်အပေါ် မိမိတို့ ပြင်းထန်စွာ ရှုတ်ချပါတယ်။ အာဖဂန်နစ္စတန်အစိုးရကို ဆန့်ကျင်ပြောဆိုဖို့ ဘယ်သူကိုမှ ခွင့်မပြုပါဘူး။ တကယ်လို့ ပါကစ္စတန်အနေနဲ့ စီးပွားရေး ပြဿနာတစ်ခု ရှိနေပြီး နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ရဲ့ အမည်ပျက်စာရင်းသွင်းတာကို ခံရရင်လည်း သူတို့ကို ပိုက်ဆံပေးဖို့ တောင်း ဆိုတာကို ဘယ်သူကမှ လက်ခံမှာ မဟုတ်ပါဘူး။ ခင်ဗျားတို့ (ပါကစ္စတန်) အနေနဲ့ ချေးငွေတစ်ရပ် မရဘူး ဆိုရင်လည်း အဲဒါက ခင်ဗျားတို့ ပြဿနာပဲဖြစ်တယ်။ ခင်ဗျားတို့ လုပ်နိုင်တဲ့ တခြားနည်းလမ်းတွေကိုပဲ ရှာပါ။ ဒါပေမယ့် ပိုက်ဆံရဖို့ ရည်ရွယ်ပြီး အာဖဂန်နစ္စတန် ပြည်သူတွေရဲ့ ဂုဏ်သိက္ခာအကြောင်း မပြောပါနဲ့။ အာဖဂန်နစ္စတန်ကို အသရေမဖျက်ပါနဲ့” ဟု ၎င်းက ပြောသည်။

အာဖဂန်နစ္စတန်မှ ထွက်ပေါ်လာနေသော အကြမ်းဖက်ဝါဒ၏ ခြိမ်းခြောက်မှုနှင့်ပတ်သက်ပြီး စိုးရိမ်ပူပန် နေရကြောင်း ပါကစ္စတန်ဝန်ကြီးချုပ်က ပြောကြားခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly