“ဘိန်းခင်းဖျက်ဆီးရေး ပြဿနာ နောက်ကွယ်မှာ ဘာတွေ ရှိနေသေးလဲ”

“ဘိန်းခင်းဖျက်ဆီးရေး ပြဿနာ နောက်ကွယ်မှာ ဘာတွေ ရှိနေသေးလဲ”

အသွင်ကူးပြောင်းရေး ကာလမှာ စိတ်မကောင်းစရာ အဖြစ်အပျက်တွေ ဖြစ်ပေါ်လာပြန်ပါပြီ။ ဖေဖေါ်ဝါရီ ၂၅ ရက်နေ့မှာ ကချင်ပြည်နယ် ဆဒုံး၊ ကမ်ပိုင်တီဒေသမှာ ဘိန်းခင်းသွားဖျက်တဲ့ ပက်ဂျေ ဆန် PJS လို့ခေါ်တဲ့ အဖွဲ့က အရပ်သား တစ်ချို့ဟာ လမ်းမှာ တိုက်ခိုက်ခံရပြီး လူတစ်ချို့ မြစ်ကြီးနား ဆေးရုံကို ပို့လိုက်ရပြီဆိုတဲ့ သတင်းပါ။ အင်တာနက် လူမှုကွန်ရက် စာမျက်နှာတွေမှာ ဒါဏ်ရာရသူ တွေရဲ့ ဓာတ်ပုံတွေ တက်လာပြီဖြစ်ပေမယ့် ဘယ်နေရာကနေ ဘယ်သူတွေက စောင့်ကြို တိုက်ခိုက် တယ်၊ ဘာလက်နက်တွေ အသုံးပြုတယ်၊ ထိခိုက်ဒါဏ်ရာရသူ စုစုပေါင်း ဘယ်လောက် ရှိတယ်၊ ဘိန်းခင်း ဖျက်ဆီးရေး လုပ်ငန်းကို ဘယ်လိုဆက်ပြီး လုပ်ကိုင်ဆောင်ရွက်နေကြတယ် စတဲ့ အချက် အလက်တွေတော့ မသိရသေးပါဘူး။ ဒီသတင်း အရေးကြီး အဆိုတင် ဆွေးနွေးနေတဲ့ လွှတ်တော် အတွင်းကို လည်း ရောက်သွားခဲ့ပြီ ဖြစ်ပါတယ်။ တကယ်တော့ ဒီပြဿနာဟာ လူထုအခြေပြု အဖွဲ့အ စည်းတစ်ခုက ဘိန်းခင်းတွေကို သွားဖျက်တယ်၊ အဲဒါကို နယ်မြေခံတွေက တားဆီး တိုက်ခိုက်တယ် ဆိုတာလောက် ရိုးရှင်းမှု မရှိပါဘူး။ နောက်ကွယ်မှာ၊ နောက်ကြောင်းမှာ နိုင်ငံရေး ပြဿနာတွေလည်း ရှိနေပါတယ်။ ဒီကနေ့ အဲဒီအကြောင်း ဆွေးနွေး တင်ပြသွားပါ့မယ်။

ပြောရရင် အခု ဘိန်းခင်းတွေ ရှိတယ်ဆိုပြီး ဖျက်ဆီးဖို့သွားမယ့် ဒေသဟာ အရင် NDA (Kachin) တပ်ဖွဲ့ ခေါင်းဆောင်ဟောင်း၊ အမျိုးသားလွှတ်တော် အမတ် ဦးဆခုံတိန့်ယိန်း သြဇာညောင်း တဲ့၊ လက်ရှိ တပ်မတော် လက်အောက်ခံ နယ်ခြားစောင့်တပ် တာဝန်ယူထားတဲ့ ဒေသပါ။ ဒီဒေသကို စိုးမိုးထားတဲ့ ဦးဆခုံတိန့်ယိန်းဆိုတာ နဂိုက KIA တပ်မှူးဟောင်း တစ်ယောက်ဖြစ်ပါတယ်။ နောက်ပိုင်း သူနဲ့ နောက်ထပ် တပ်မှူးတစ်ယောက်ဖြစ်တဲ့ ဦးလယောက် ဇယ်လွန်းတို့ဟာ ကချင်မျိုးနွယ်စုဝင် လော်ဝေါ်နဲ့ လာချိတ် တပ်ဖွဲ့ဝင်တွေကို ဦးဆောင်ပြီး ဂျိမ်းဖေါ မျိုးနွယ်စု အများစုဖြစ်တဲ့ KIA ကချင် လွတ်လပ်ရေး လက်နက်ကိုင် တပ်ဖွဲ့ကနေ ခွဲထွက်ခဲ့ပါတယ်။ နောက်ပိုင်း ၁၉၆၈ ခုနှစ် မြန်မာပြည် အရှေ့မြောက်ဖျားမှာ ပေါ်ပေါက်လာတဲ့ ဗမာပြည် ကွန်မြူနစ်ပါတီ ဗကပနဲ့ ပူးပေါင်းလိုက်ပါတယ်။ ဒီလိုနဲ့ လက်ရှိ ပြဿနာ ဖြစ်ပွားနေတဲ့ ဆဒုံး၊ ကမ်ပိုင်တီ၊ ပန်ဝါ၊ ဖီမော် ဒေသတွေဟာ ဗကပရဲ့ ၁၀၁ စစ်ဒေသ ဖြစ်လာပါတယ်။

၁၉၈၉ ဗကပ ပြိုကွဲတဲ့အခါ ဦးဆခုံတိန့်ယိန်းဟာ ဗကပ ဗဟိုကော်မတီနဲ့ မိသားစုဝင်တွေ၊ နောက်ဆုံး လက်ကျန် တိုက်ခိုက်ရေးသမားတွေကို သူ့နယ်မြေမှာ ခိုလှုံခွင့်ပေးခဲ့ပါတယ်။ နောက်ပိုင်း ဗကပ ဗဟိုကော်မတီကို တရုတ်ပြည်ဘက် မောင်းထုတ်ပြီး ဒီမိုကရေစီသစ် တပ်မတော်(ကချင်) ဆိုတာ သီးခြားဖွဲ့စည်း၊ အဲဒီအချိန်က စစ်အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး လုပ်ခဲ့ပါတယ်။ စစ်အစိုးရက လည်း NDA (Kachin) ကို မတရားအသင်းကနေ ပယ်ဖျက်ပေးခဲ့ပါတယ်။ အဲဒီ ဦးဆခုံတိန့်ယိန်းနဲ့ ကေအိုင်အေ တပ်ဖွဲ့ဟာ ပူးတွဲ အခွန်ကောက်တာမျိုး နားလည်မှုယူ လုပ်ကြတာမျိုး ရှိပေမယ့် တစ်ဖွဲ့နဲ့ တစ်ဖွဲ့ သင့်မြတ်ကြတာတော့ မဟုတ်ပါဘူး။ စစ်အစိုးရနဲ့ အပစ်အခတ် ရပ်စဲပြီးနောက်ပိုင်း အဲဒီ ကမ်ပိုင်တီ ပန်ဝါဒေသမှာ ဘိန်းခင်းဖျက်ဆီးရေး၊ ဘိန်းတိုက်ဖျက်ရေး၊ အစားထိုး သီးနှံစိုက်ပျိုးရေး ဆိုပြီး လုပ်လိုက်ကြပါသေးတယ်။ ဒါပေမယ့် မအောင်မြင်ပါဘူး။ အဲဒါကလည်း အကြောင်း အမျိုးမျိုးရှိ ပါတယ်။ NDA (Kachin) တပ်ဖွဲ့အတွင်း ဂိုဏ်းဂဏ တိုက်ပွဲ ပြင်းထန်ပြီး အာဏာလုပွဲတွေ ဖြစ်ကြတာ၊ ဘိန်းတိုက်ဖျက်ဖို့အတွက် စနစ်ကျတဲ့ စီမံမှု မရှိတာ၊ နောက်ပိုင်း တရုတ်ပြည်က တရုတ်ငွေရှင်ကြေး ရှင်တွေ မြန်မာပြည် အလည်ပိုင်း အညာမှာ ဖရဲခင်း ဝင်စိုက်သလို၊ ဘိန်းစိုက်ပျိုးရေးမှာ အရင်းအနှီးကြီး ကြီးနဲ့ ဝင်ရောက် လုပ်ကိုင်တာ စတာတွေကြောင့် ဖြစ်ပါတယ်။

စစ်အစိုးရဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အတည်ပြုပြီးနောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေကို နယ်ခြားစောင့်တပ်နဲ့ ပြည်သူ့စစ်အဖြစ် အသွင်ပြောင်းဖို့ ဖိအားပေးရာမှာ NDA (Kachin)က နယ်ခြားစောင့်တပ် ဖွဲ့စည်းဖို့ လက်ခံခဲ့ပါတယ်။ ဒါပေမယ့် ကေအိုင်အေက လက်မခံ ခဲ့တဲ့အတွက် သမ္မတဦးသိန်းစိန် အစိုးရ တက်လာပြီးနောက် အစိုးရတပ်နဲ့ ကေအိုင်အေ တိုက်ပွဲကြီး ငယ်တွေ ဖြစ်ပါတယ်။ အဲဒီ ကာလ အတွင်း ကေအိုင်အေ တပ်ဖွဲ့တွေဟာ ဦးဆခုံတိန့်ယိန်းရဲ့ နယ်ခြား စောင့်တပ် နယ်မြေ ပန်ဝါ၊ ကမ်ပိုင်တီနဲ့ ဖီမော်ဒေသဘက်က ဒေသတစ်ချို့ကို ဝင်ရောက် တိုက်ခိုက်ခဲ့ ပါသေးတယ်။ ဒီတိုက်ပွဲတွေအတွင်း အစိုးရတပ်ဘက်က လေကြောင်းပစ်ကူ ပေးရသည်အထိ တိုက်ပွဲ ပြင်းထန်ခဲ့ပြီး နယ်ခြားစောင့်တပ် ဌာနချုပ် ပန်ဝါ အနားထိ ရောက်လာတဲ့ ကေအိုင်အေ တပ်တွေကို ပြန် တိုက်ထုတ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဖီမော် ဒေသဘက်က တရုတ်နယ်စပ်နယ်မြေ တစ်ချို့ကတော့ ကေအိုင်အေ လက်ထဲ ကျသွားခဲ့ပါတယ်။ ဒီအကြောင်းတွေ ရှင်းပြရတာဟာ နယ်ခြားစောင့်တပ်နဲ့ ကေအိုင်အေဟာ ကချင်လူမျိုး တမျိုးတည်းက ဖြစ်ပေမယ့် မျိုးနွယ်စု မတူကြတာ၊ သမိုင်းအရ မသင့်မမြတ် ဖြစ်တာ၊ လက်ရှိ အခြေအနေမှာကို ရန်ဘက်ဖြစ်နေတာကို ရှင်းပြလိုရင်း ဖြစ်ပါတယ်။

လက်ရှိ လူထောင်ချီ စုရုံးနိုင်ပြီး ဘိန်းဖျက်တဲ့ လုပ်ငန်းလုပ်နေတဲ့ ပက်ဂျေဆန် အဖွဲ့ကတော့ ကေအိုင်အေက ထောက်ခံ အားပေးတဲ့ အဖွဲ့ဆိုပြီး သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ပါတယ်။ ဘိန်းဖျက်ဖို့ ထောင်နဲ့ချီတဲ့ လူတွေကို ငွေကြေး ကျပ်သိန်းပေါင်းများစွာ ထောက်ပံ့တယ်လို့လည်း သတင်းတစ်ချို့က ဆိုပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီဘိန်းခင်းဖျက်တဲ့ လုပ်ငန်းဟာ အရပ်သားတွေ စုပြီး ဘိန်းခင်းတွေ သွားဖျက်ကြတယ် ဆိုတာမျိုးထက် နယ်ခြားစောင့်တပ် နယ်မြေထဲက ဘိန်းခင်းတွေကို ကေအိုင်အေ ထောက်ခံတဲ့ လူအုပ်ကြီးက သွားဖျက်တယ်ဆိုတဲ့ အဓိပ္ပါယ်မျိုးလည်း ကောက်ယူနိုင်ပါ တယ်။ ပြည်သူတွေ အမြင်၊ နိုင်ငံတကာ အမြင်မှာတော့ ပြည်သူတွေက ဘိန်းတိုက်ဖျက်ရေး လုပ်ချင် တယ်၊ နယ်ခြားစောင့်တပ်နဲ့ တပ်မတော်ဘက်က ဘိန်းစိုက်သူတွေကို အကာအကွယ်ပေးနေတယ် ဆိုတဲ့ ပုံရိပ်မျိုး သွားပေါ်လွင်စေပါတယ်။ နိုင်ငံရေးအရ ပက်ဂျေဆန်နဲ့ ကေအိုင်အေက အမြတ်ထွက်တဲ့ သဘော ဖြစ်စေပါတယ်။

တစ်ပြိုင်နက်တည်း လွှတ်တော်ထဲမှာလည်း ဒီ ကိစ္စကို အရေးကြီးအဆိုအဖြစ် ဆွေးနွေး၊ အများစု မဲဆန္ဒနဲ့ အတည်ပြုပေးလိုက်ပါတယ်။ အဆိုကိုက “မူးယစ်ဆေးဝါး တိုက်ဖျက် နှိမ်နင်းရေးတွင် ပြည်သူ လူထု ပါဝင်လာမှုအပေါ် ကြိုဆိုထောက်ခံရန်နှင့် ဟန့်တား နှောင့်ယှက်သူများဇ။် အန္တရာယ်မှ ကာကွယ်ပေးရန်အပြင် ထိရောက်သော ကူညီထောက်ပံ့မှုများ အမြန်ဆုံး ဆောင်ရွက်ပေးရန် ပြည်ထောင်စု အစိုးရအဖွဲ့သို့ တိုက်တွန်းကြောင်း” ဆိုတဲ့ အဆိုဖြစ်ပါတယ်။ ဒီ အဆိုနဲ့ ပတ်သက်ပြီး တကယ် ဖြေရှင်းဖို့လိုတဲ့ ကာကွယ်ရေး ဝန်ကြီးဌာနနဲ့ ပြည်ထဲရေးဝန်ကြီးဌာန တာဝန်ရှိသူတွေကတော့ လွှတ်တော်မှာ လာဖြေရှင်းခြင်း မရှိကြပါဘူး။ ဒီအဆို လွှတ်တော်တွင်းမှာ အတည်ပြုပြီးချိန်မှာကို လူတွေ ထိခိုက်ဒါဏ်ရာရ ဖြစ်ကြတာမျိုးပါ။

တကယ်တော့ ဘိန်းတိုက်ဖျက်ရေး၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ကိစ္စဟာ အရေးကြီးပါ တယ်။ မူးယစ်ဆေးဝါးကြောင့် ကချင်ပြည်နယ်နဲ့ ကချင်တိုင်းရင်းသားတွေ အလွန်ထိခိုက်နစ်နာနေတာ ရှင်းရှင်း လင်းလင်း သိနိုင်ပါတယ်။ ဘာကြောင့် ဒီပြဿနာ ကနေ့ အချိန်ထိ ရှင်သန်နေသလဲဆိုတာ အသေအခြာ အဖြေရှာ ဖြေရှင်းဖို့ လိုပါတယ်။

တစ်ပြိုင်နက်တည်း ပြည်တွင်းစစ် ပြသနာကိုလည်း ဖြေရှင်းရမယ် ဖြစ်ပါတယ်။ လတ်တလော လုပ်ကိုင်နေတဲ့ ဖြေရှင်းနည်းကတော့ လူထုတွေ ထိခိုက် ဒါဏ်ရာရ ဖြစ်နေတာကို မြင်တွေ့ရခြင်းအားဖြင့် မှန်ကန်တဲ့ ဖြေရှင်းနည်း မဟုတ်သေးဘူး ဆိုတာ နားလည်ဖို့ လိုပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly