ပြည်ကျိုးထမ်းသူများ အေးပါစေ၊ ချမ်းသာစေ

ပြည်ကျိုးထမ်းသူများ အေးပါစေ၊ ချမ်းသာစေ

အင်န်အယ်လ်ဒီလွှတ်တော်သည် လွှတ်တော်စတင်ပြီး ရက်ပိုင်းအတွင်းမှာပင် တိုင်းကျိုးပြည် ကျိုးကို ပီပီပြင်ပြင် ထမ်းဆောင်လာသည်ကို တွေ့ရသည်။ ဒုတိယအကြိမ် လွှတ်တော်၏ ပထမရက် များတွင် လွှတ်တော်သစ်ကို ဖွဲ့စည်း တည်ဆောက်နေသဖြင့် လည်းကောင်း၊ သင်တန်းများရှိသဖြင့် လည်းကောင်း နေ့တဝက်လွှတ်တော်များ သို့မဟုတ် နာရီပိုင်း၊ မိနစ်ပိုင်းလွှတ်တော်များ ဖြစ်နေခဲ့သေးရာ မဲဆန္ဒရှင် ပြည်သူတချို့က အားမလိုအားမရ ဖြစ်ခဲ့သော်လည်း ယခုသီတင်းပတ်မှစတင်၍ လွှတ်တော်သရုပ်သည် ပီပီပြင်ပြင် ရှိလာခဲ့သည်။

အယ်လ်နီညိုအရှိန်ကြောင့် နွေသရုပ်၏ ပီပြင်မှုသည် ဟိုမှာဘက်တောင် ရောက်နေသဖြင့် နွေအကယ်ဒမီပင် ရထိုက်သည်။ တကယ်လည်း နှစ်ပေါင်းများစွာအတွင်း စံချိန်တင်အပူချိန်သို့ ရောက်ရှိ လိမ့်မည်ဟု မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်နှင့်အတူ ပညာရှင်များက ခန့်မှန်းထား ကြသည်။ ပြည်ကျိုးဆောင်သူ ထိုထိုအမတ်များ ကိုယ်တွင်းကိုယ်ပအေးပါစေကြောင်း မဲဆန္ဒရှင် ပြည်သူ လူထုက ရွှေမေတ္တာများ ပို့သကြမည်မှာ အလွန်တရာ သေချာပေသည်။ ယခုသီတင်းပတ် လွှတ်တော်တွင်းတွင် အယ်လ်နီညိုအရေး ဆွေးနွေးကြသကဲ့သို့ မူးယစ်ဆေးဝါး ပြဿနာကိုလည်း ဆွေးနွေး ကြသည်။

လွှတ်တော် အမတ်မင်းများတွင်လည်း လူအမျိုးမျိုး စိတ်အထွေထွေဖြစ်ပြီး အားသန်ရာလည်း စုံကြသည်။ တချို့က ပြောအားသန်သည်၊ တချို့က အချက်အလက်များ အားပြုသည်၊ အချို့က နှိုင်းနှိုင်း ချိန်ချိန် သုခမိန်စတိုင်နှင့် ပြောကြဆိုကြသည်။ ပြည်သူ့ကိုယ်စားလှယ်များပီပီ မဲဆန္ဒရှင်ပြည်သူ များအကြိုက် အားကြိုးမာန်တက် ဆောင်ရွက်ကြသည်၊ အမတ်တဦးနှင့်တဦး နောက်ကောက်ချနိုင်ရန် ကြိုးစားကြသည်မှာ ပြည်ကျိုးအတွက်သာ ဖြစ်ရပေမည်။

ယခုရက်ပိုင်းမှာပင် ပြည်တွင်းစစ်ဘေးဒဏ်ခံ ပြည်သူများအရေး၊ အယ်လ်နီညိုအတွက် ပြင်ဆင်ရေး၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနှင့် လက်ရှိအစိုးရ မဆင်းမီ ထင်သလို ဆောင်ရွက်နေမှုများ ဆက်မလုပ်ရန် စသည်ဖြင့် အရေးကြီးအဆိုများ တခုပြီးတခု တင်လာရာ အစိုးရသည် လွှတ်တော်တွင် ဖြေရှင်းနေရသည်။ အစိုးရဝန်ကြီးများမှာလည်း သက်ကြီးရွယ်ကြီးများ ဖြစ်နေလေရာ ပြင်ဆင် လာသော စာရွက်များသာ ကြည့်ဖတ်ပြီး ပြီးသွားသည်က များသည်။ မဲဆန္ဒရှင်ပြည်သူအများအကြိုက် ဒေါင်းတင်မောင်းတင် ဆွေးနွေးကြသည့် လွှတ်တော်အမတ်များ၏ ဆွေးနွေးချက်များမှာ ကြားကောင်း ရုံသာရှိပြီး၊ အစိုးရ၏ တုံ့ပြန်မှုသည် အဟပ်မညီလျှင် လက်တွေ့ အလုပ်မဖြစ်သကဲ့သို့ အကျိုးမခံစားရ မည်ကိုလည်း စိုးရိမ်ဖွယ်ဖြစ်သည်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲဖြင့် မဲဆန္ဒရှင်ပြည်သူများသည် ၎င်းတို့၏ သဘောဆန္ဒများကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြသပြီး ဖြစ်သည်။ သူတို့သည် အင်န်အယ်လ်ဒီကို ရွေးချယ်ခဲ့သည်။ အင်န်အယ်လ်ဒီခေါင်းဆောင်ကို တိုင်းပြည်ခေါင်းဆောင်အဖြစ် မြင်လိုကြသည်။ ဤမျှလောက် ရှင်းနေသော်လည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအထိုင်ပေါ်တွင် စစ်တပ်က ရှိနေသည်။ စစ်အာဏာ ရှင်များသည် ယင်းဖွဲ့စည်းပုံအခြေခံဥပဒေကို အချိန်ယူ၊ ရေးဆွဲ၊ ပြဋ္ဌာန်း၊ ကျင့်သုံးခြင်းဖြစ်သည်။ လူထု က ယင်းအခြေခံဥပဒေကို လက်မခံပါ၊ ပြည်သူငါးသန်းကျော်က အခြေခံဥပဒေကို ပြင်ဆင်ပါရန် လက်မှတ်ရေးထိုး ဆန္ဒထုတ်ဖော်ပြီး ဖြစ်သည်။

စစ်အာဏာရှင်များသည် ကိုယ်ကျိုးရှာသူများဖြစ်ပြီး ပြည်ကျိုးထမ်းခဲ့သူများ မဟုတ်ပါ။ တိုင်းပြည်သည် ၎င်းတို့၏ အလွဲစီမံ အုပ်ချုပ်မှုအောက်တွင် ဒေသတွင်းတွင် အဆင်းရဲဆုံးနိုင်ငံအဖြစ်သို့ သက်ဆင်းခဲ့ရသည်။ မကြာမီရက်ပိုင်းက ထုတ်ပြန်သည့် အညွှန်းကိန်းတခုတွင် မြန်မာသည် အာဆီယံ ၌ အဆင်းရဲဆုံးနိုင်ငံဖြစ်ပြီး၊ အာရှတွင် ဒုတိယအဆင်းရဲဆုံးနိုင်ငံဖြစ်သည်။ စစ်အာဏာရှင်များ၊ ၎င်းတို့၏ ဆက်ခံသူများ၊ အစွယ်အပွားများနှင့် ဖက်စပ်လုပ်ကိုင်သူများကား မတရားချမ်းသာခဲ့သည်။ ပြည်သူများသည် ဆင်ခြင်တုံတရားရှိသူများဖြစ်ကာ လူဆိုးလူကောင်း၊ သူခိုးသူတော်ကောင်း ခွဲခြားနိုင် ပါသည်။

ပြည်ကျိုးထမ်းသူများသည် မည်မျှပင် အရည်အချင်းနိမ့်ပါးစေကာမူ ပြည်သူ့အကျိုး တိုင်းပြည် အကျိုး ဆောင်ရွက်နေလျှင် ယင်းတို့၏ စေတနာသည် မျက်နှာတွင်လည်း ပေါ်သည်၊ ရုပ်ခန္ဓာပေါ်တွင် လည်း ပေါ်လွင်နေသည်။ အပြုအမူနှင့် ပြောစကားများတွင်လည်း ပေါ်လွင်နေသည်။ အရည်အချင်း ရှိသော လူထုခေါင်းဆောင်ကဲ့သို့ဆိုလျှင်မူကား ပြောဖွယ်မရှိပါ။ ပြည်ကျိုးမထမ်း ကိုယ်ကျိုးထမ်းသူများ ကား ရုပ်ရောစိတ်ပါ ဆိုးယုတ်ပုပ်သိုးနေကြသည်ဖြစ်ရာ ပြည်သူများသည် ဖြစ်နိုင်ပါက တရက်စော မတွေ့ရလျှင် ကောင်းလေဟု ခံယူကြသည်။ ပန်းသတင်းလေညှင်းဆောင်၊ လူသတင်းလူချင်းဆောင် ကြသည်ဖြစ်ရာ ပြည်ကျိုးထမ်းသူအပေါင်း ကိုယ်စိတ်နှစ်ပါး အေးချမ်းပါစေကြောင်း မဇ္ဈိမက ဆုမွန် တောင်းသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly