အာဏာပြန်သိမ်းခံလိုက်ရသည့် ဘာကီနာဖာဆို အာဏာသိမ်းခေါင်းဆောင် ရာထူးမှ နုတ်ထွက်ပြီး ပြည်ပ ထွက်ပြေး

အာဏာပြန်သိမ်းခံလိုက်ရသည့် ဘာကီနာဖာဆို အာဏာသိမ်းခေါင်းဆောင် ရာထူးမှ နုတ်ထွက်ပြီး ပြည်ပ ထွက်ပြေး
Photo - EPA

အောက်တိုဘာ ၃

အနောက်အာဖရိကရှိ ဘာကီနာဖာဆိုနိုင်ငံတွင် ယခုနှစ် ဇန်နဝါရီလက အာဏာသိမ်းခဲ့သည့် စစ်ခေါင်းဆောင် ဒုဗိုလ်မှူးကြီး ပေါလ် ဟင်နရီ ဆန်ဒါဂို ဒမ်မီဘာသည် ပြီးခဲ့သည့် နှစ်ရက်အကြာက ၎င်း၏ စစ်တပ်လုပ်ဖော်ကိုင်ဘက်များ၏ အာဏာပြန်သိမ်းယူခြင်းကို ခံခဲ့ရပြီးနောက် ယမန်နေ့ အောက်တိုဘာ ၂ ရက်တွင် ရာထူးမှ ဆင်းပေးရန် သဘောတူခဲ့ကြောင်း ဘာသာရေးနှင့် လူအစုအဖွဲ့ခေါင်းဆောင်များက ပြောသည်။

အဆိုပါ နိုင်ငံတွင် ပြီးခဲ့သည့် ရက်ပိုင်းက ပေါ်ပေါက်ခဲ့သော အာဏာသိမ်းမှုဖြစ်စဉ်ကြောင့် ပြည်တွင်း မငြိမ်မသက်ဖြစ်မှုနှင့် နိုင်ငံတကာ၏ ပြစ်တင်ဝေဖန်မှုတို့ကို ဖြစ်ပေါ်စေခဲ့သည်။

လူသားဆိုင်ရာနှင့် ရုပ်ဝတ္တုဆိုင်ရာ ကြီးလေးသော အကျိုးဆက်များနှင့် ထိပ်တိုက်တွေ့မှုများ မဖြစ်အောင် တားဆီးနိုင်ရေးအလို့ငှာ အာဏာသိမ်းခေါင်းဆောင် ဒမ်မီဘာသည် ရာထူးနုတ်ထွက်လွှာကို ကိုယ်တိုင် တင်ခဲ့ခြင်း ဖြစ်ကြောင်း ဘာသာရေးနှင့် လူအစုအဖွဲ့ခေါင်းဆောင်များက ထုတ်ပြန်ချက်တစ်ရပ်တွင် ပြောသည်။

အာဏာသိမ်းမှုထပ်ဖြစ်ပြီးနောက် ဘာကီနာဖာဆို၏ ခေါင်းဆောင်သစ်အဖြစ် ၎င်းဘာသာ ကြေညာခဲ့သည့် စစ်တပ်အရာရှိ အီဘရာဟင် ထရာအိုရေးနှင့် ဒမ်မီဘာအကြား ညှိနှိုင်းမှုများ ပြုလုပ်ခဲ့ပြီးနောက် ဒမ်မီဘာ ရာထူးမှ ထွက်လိုက်ခြင်း ဖြစ်ကြောင်း ၎င်းတို့က ပြောသည်။

ဆင်းရဲသော အနောက်အာဖရိကနိုင်ငံတွင် ယခုနှစ်အတွင်း ဒုတိယအကြိမ်မြောက် အာဏာသိမ်းမှု ဖြစ်ပြီးနောက် ဒမ်မီဘာသည် အောက်တိုဘာ ၂ ရက်တွင် တိုဂိုနိုင်ငံ မြို့တော် လုန်းမ်သို့ ထွက်ပြေးသွားခဲ့ကြောင်း ဒေသဆိုင်ရာ သံတမန်ရင်းမြစ်များက ပြောသည်။

ဂျီဟတ်ဒစ် တိုက်ဖျက်ရေး အားထုတ်မှုကို ပြန်လည် အားကောင်းစေရေး လုပ်ဆောင်ရန် စစ်တပ်အကြီးအကဲများ၏ ထောက်ခံမှုကို ရရှိထားကြောင်း ထရာအိုရေးက ညနေခင်းတွင် ကြေညာသွားခဲ့သည်။

“အမြင်သဘောကွဲလွဲမှုများကို ငြိမ်းချမ်းစွာ ဖြေရှင်းရေး” ကို ဘာကီနာဖာဆိုရှိ သက်ဆိုင်သူများက လက်ခံထားသည့်အတွက် ယင်းအပေါ် ကြိုဆိုကြောင်း အနောက်အာဖရိကဒေသဆိုင်ရာအုပ်စု ECOWAS က အောက်တိုဘာ ၂ ရက်တွင် ကြေညာချက်တစ်ရပ် ထုတ်ပြန်သည်။ ECOWAS ၏ ကိုယ်စားလှယ်အဖွဲ့တစ်ခုလည်း အောက်တိုဘာ ၃ ရက်တွင် ဝါဂါဒူဂူသို့ လာရောက်မည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အာဏာသိမ်းခေါင်းဆောင် ဒမ်မီဘာက ၎င်း ရာထူးမှ ဆင်းပေးရခြင်းအတွက် “သတ်မှတ်ချက် ခုနစ်ချက်” ကို သတ်မှတ် ထားရှိခဲ့ကြောင်း ဘာသာရေးနှင့် လူအစုအဖွဲ့ ခေါင်းဆောင်များက ပြောသည်။

ထို သတ်မှတ်ချက်များထဲတွင် ၎င်းနှင့် စစ်တပ်ထဲရှိ ၎င်း၏ မဟာမိတ်များ၏ လုံခြုံရေးကို အာမခံချက်ပေးရေး၊ နှစ်နှစ်အတွင်း အရပ်သားအုပ်ချုပ်ရေးဆီ ပြန်လည်ရောက်ရှိအောင် လုပ်ဆောင်မည် ဆိုပြီး အနောက်အာဖရိက ဒေသဆိုင်ရာအုပ်စုထံ ၎င်းပေးထားခဲ့သော ကတိကို ဆက်လက် လေးစားလိုက်နာရေးတို့ ပါဝင်သည်။

အသက် ၃၄ နှစ်ရှိ လက်ရှိ ခေါင်းဆောင်သစ် ထရာအိုရေးက ထိုသတ်မှတ်ချက်များကို လက်ခံပြီး နိုင်ငံတွင် တည်တည်ငြိမ်ငြိမ် ရှိရေး ဆော်ဩထားကြောင်း ဘာသာရေးနှင့် လူအစုအဖွဲ့ခေါင်းဆောင်များက ပြောသည်။

 

(ကိုလူအေး ဘာသာပြန်သည်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly