တရုတ်၏ တင်းကျပ်သော ကိုဗစ်အသွားအလာ ကန့်သတ်မှုကြောင့် တိဗက် ၅ ဦးထက်မနည်း မိမိကိုယ်ကို  အဆုံးစီရင်

By RFA
29 September 2022
တရုတ်၏ တင်းကျပ်သော ကိုဗစ်အသွားအလာ ကန့်သတ်မှုကြောင့် တိဗက် ၅ ဦးထက်မနည်း မိမိကိုယ်ကို  အဆုံးစီရင်

တရုတ်အစိုးရက ကိုဗစ်လုံးဝကင်းစင်ရေးအတွက် အသွားအလာပိတ်ဆို့မှု ချမှတ်ထားသည်မှာ ဒုတိယမြောက်လသို့ ရောက်ရှိလာချိန်တွင် တိဗက်မြို့တော် လာဆာ၌ တိဗက်လူမျိုး ၅ ဦးထက်မနည်းသည် ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်ခဲ့ကြပြီး အစိုးရက တိဗက်ရှိ အခြေအနေဆိုးရွားနေမှုကို ဖုံးကွယ်ထားသည်ဟု သတင်းရင်းမြစ်များက RFA သို့ ပြောသည်။

 တိဗက်နှင့်တရုတ်နိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ ကူးစက်သူ ဆက်လက်မြင့်တက်နေချိန်မှာ တရုတ်အစိုးရသည် လာဆာမြို့တွင် လွန်ခဲ့သည့် ၅၂ ရက်က အသွားအလာပိတ်ဆို့ခဲ့သည်။  

လုံလောက်သောပြင်ဆင်မှု မပြုလုပ်ရသေးချိန်တွင် အသွားအလာပိတ်ဆို့မှုညွှန်ကြားချက် ထွက်ပေါ်လာကာ တချို့လူများသည် စားနပ်ရိက္ခာပြတ်လပ်ခဲ့သလို ကိုဗစ်အတည်ပြုလူနာများအတွက် ကုသရန်  လုပ်ဆောင်ရာတွင်လည်း အခက်အခဲတွေ့ကြောင်း အင်တာနက်အသုံးပြုသူများက ပြောသည်။

လူမှုမီဒီယာပေါ်တွင် လတ်တလော ပျံ့နှံ့နေသည့် လာဆာမြို့ရှိ အဆောက်အအုံများပေါ်မှ တိဗက်လူမျိုးများ ခုန်ချသည့် သတင်းများသည် မှန်ကန်ကြောင်း လုံခြုံရေးအကြောင်းပြချက်ဖြင့် အမည်မဖော်လိုသည့် သတင်းရင်းမြစ်က RFA တိဗက်သတင်းဌာနသို့ ပြောကြားခဲ့သည်။

“ခုန်ချတဲ့သူတွေထဲမှာ အမျိုးသမီးတစ်ယောက်လည်း ပါတယ်။ တခြားသူတွေအကြောင်းတော့ အသေးစိတ်မသိပါဘူး” ဟု သတင်းရင်းမြစ်တစ်ခုကဆိုသည်။ 

“တရုတ်အစိုးရက အသွားအလာပိတ်ဆို့ထားချိန်မှာ သေဆုံးသွားသူတွေနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်မှန်သမျှ ဖုံးကွယ်ဖို့ အသည်းအသန်ကြိုးစားနေတာပါ။ သတင်းတွေ မဖြန့်ဖို့လည်း မိသားစုဝင်တွေကို သတိပေးထားတယ်။ သူများတွေကို ပြောရင် အပြစ်ပေးခံရမယ်ဆိုပြီး မိသားစုဝင်တွေကို ဖုန်းနဲ့ နှောင့်ယှက် ခြိမ်းခြောက်ထားတယ်” ဟု ဒုတိယသတင်းရင်းမြစ်က ပြောသည်။
 
တိဗက်လူ့အခွင့်အရေးနှင့်ဒီမိုကရေစီစင်တာက အဆောက်အဦများပေါ်မှ တိဗက်များခုန်ချသည့်အကြောင်း မှန်ကန်ကြောင်း RFA သို့ အတည်ပြုခဲ့သည်။

“အဆောက်အဦပေါ်တွေကနေ ခုန်ချပြီး အဆုံးစီရင်ခဲ့ကြတဲ့ တိဗက် ၅ ဦးကို အမှန်တကယ် မြင်တွေ့ခဲ့တဲ့ တိဗက်က သတင်းရင်းမြစ် ၃ ဦးနဲ့ ကျွန်တော်တို့ ဆက်သွယ်ပြောဆိုခဲ့ပါတယ်” အိန္ဒိယအခြေစိုက် လူ့အခွင့်အရေးအဖွဲ့မှ သုတေသီ တန်ဇင်းညီဝိုက RFA သို့ ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly