ပါကစ္စတန်ရေကြီးမှု အစိုးရ၏ ကိုင်တွယ်တုံ့ပြန်မှုအပေါ် ရေဘေးသင့်ပြည်သူများ စိတ်ပျက်နေ

By Zee5
29 September 2022
ပါကစ္စတန်ရေကြီးမှု အစိုးရ၏ ကိုင်တွယ်တုံ့ပြန်မှုအပေါ် ရေဘေးသင့်ပြည်သူများ စိတ်ပျက်နေ

ပါကစ္စတန်နိုင်ငံတွင် ပြည်သူသန်းချီကို အကြီးအကျယ် ထိခိုက်စေခဲ့သည့် မကြုံစဖူးသော သဘာဝဘေး ဒုက္ခဆိုးတစ်ခုအပေါ် အစိုးရ၏ ကိုင်တွယ်ဆောင်ရွက်ပုံနှင့်ပတ်သက်ပြီး ပြည်သူအများစုက စိတ်ပျက်လက်ပျက် ဖြစ်နေကြကြောင်း စစ်တမ်းတစ်ရပ်က ဖော်ပြသည်။

ယခုသီတင်းပတ်အတွင်း ထုတ်ပြန်ခဲ့သည့် စစ်တမ်းတွင် အဆိုပါ မကျေနပ်မှုက သိသာပေါ်လွင်နေခဲ့သည်။ ရပ်ရွာလူထုအခြေပြု တက်ကြွလှုပ်ရှားသူများသည် ရေဘေးသင့် ပြည်နယ်သုံးခု၏ ခရိုင် ၁၄ ခုရှိ သဘာဝဘေးဒဏ်သင့် နယ်မြေ ၃၈ ခုတွင် ယခု စစ်တမ်းကို ကောက်ယူခဲ့ခြင်း ဖြစ်ကြောင်း Dawn သတင်းစာက ဖော်ပြသည်။

နယ်မြေအများစုရှိ ဒေသခံများသည် အစိုးရအင်စတီကျူးရှင်းများ၏ လုပ်ကိုင်ဆောင်ရွက်နိုင်စွမ်းအပေါ် စိတ်ပျက်နေကြသည်ကို စစ်တမ်းတွင် တွေ့ရှိခဲ့သည်။ ရေကြီးမှုကြောင့် နယ်မြေနေရာ ၉၂ ရာခိုင်နှုန်းမှ ပြည်သူများသည် ၎င်းတို့၏ ကျေးရွာများ၊ ရပ်ကွက်များမှ မဖြစ်မနေ ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ကြရကြောင်း စစ်တမ်းက ဖော်ပြသည်။

ရေကြီးမှုများ ဖြစ်ပေါ်ပြီး သီတင်းပတ် ၆ပတ်ကြာပြီးနောက် တည်နေရာ ၁၅ ခုမှ မိသားစု အများအပြားသည် မိုးကာတဲများ မရှိဘဲ လမ်းများပေါ်တွင် အမိုးအကာမဲ့ နေထိုင်နေခဲ့ကြရသည်ကို တွေ့ရှိခဲ့သည်။ နေရာ ၁၀ ခုတွင် လူအများစုသည် မည်သည့် အကူအညီမှ ရထားခဲ့ပုံမပေါ်ကြောင်း စစ်တမ်းက ပြောသည်။

ရိက္ခာခြောက်၊ သောက်သုံးရေ၊ ဆပ်ပြာ၊ အမျိုးသမီး လစဉ်သုံးပစ္စည်း၊ ခြင်ထောင်၊ ခေါက်ခုတင်နှင့် စောင်တို့ကို အဓိက လိုအပ်သည့်အခြေအနေတွင် ရှိနေသည်။  

ယခုနှစ် ဇွန်လနောက်ပိုင်း ပါကစ္စတန်တွင် ပြင်းထန်သော မုတ်သုံရာသီဥတုကို တွေ့ကြုံခဲ့ရသည့်အတွက် ပြင်းထန်သည့် လူသားချင်းစာနာမှုနှင့် ဖွံ့ဖြိုးမှုဆိုင်ရာ အကျပ်အတည်းတစ်ခုကို ပေါ်ပေါက်စေခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly