သမိုင်းဝင် မင်းလှခံတပ်ကြီးသည် နှစ်စဉ်ဧရာဝတီမြစ်ရေတိုက်စားခံနေရ

သမိုင်းဝင် မင်းလှခံတပ်ကြီးသည် နှစ်စဉ်ဧရာဝတီမြစ်ရေတိုက်စားခံနေရ
ဓာတ်ပုံ-ဒေါက်တာရဲဇော်ထွန်း

မင်းလှ  ၊ ဖေဖော်ဝါရီ   ၂၅ ။            ။ အင်္ဂလိပ်နယ်ချဲ့ကို တွန်းလှန်ရာ၌ မြန်မာ့သမိုင်းတွင် အထူးထင်ရှားခဲ့ သည့် မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းလှမြို့ရှိမင်းလှခံတပ်ကြီးသည် နှစ်စဉ်ဧရာဝတီမြစ်တိုက် စားခံနေရကြောင်း ဟု ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

ခံတပ်၏မြောက်ဘက်တွင် ရေထိန်းနံရံအသေးတခုရှိသော်လည်း အမှန်တကယ်ရေကြီးချိန်တွင် မတားနိုင်ကြောင်း မင်းလှဒေသခံ ဒေါက်တာရဲထွန်းဇော် က ပြောသည်။

"တစ်နှစ်ထက် တစ်နှစ်ပိုတိုက်စားလာတဲ့ ဧရာဝတီမြစ်ရေကြောင့် ကမ်းပါးကမတ်စောက်လာပြီး ခံတပ်အောက် အခြေအထိ လှိုက်စားလာနေတယ်။ ရှေးဟောင်းသုတေသနဦးစီးဌာနက ခံတပ်ရဲ့ အရှေ့ဘက်နဲ့မြောက်ဘက် မျက်နှာစာတွေကို ယက်မ၊သစ်သားဒေါက်တိုင်၊ အုတ်ဒေါက်တိုင်တွေနဲ့ ထိန်းမတ်ပေးခဲ့ပေမယ့် ထိန်းသိမ်းရေး အပိုင်းမှာ အားနည်းနေဆဲဖြစ်တယ်။" ဟု ၎င်းကထောက်ပြပြောဆိုသည်။

ပြီးခဲ့သည့်နှစ်၊မကွေးတိုင်းဒေသကြီး၊ရေကြီးနေစဉ်ကလည်း မင်းလှခံတပ်ကြီး၏အောက်ခြေတွင် ရေတိုက်စားမှု ဒဏ်အတော်များများ ခံစားခဲ့ရကြောင်း၊လက်ရှိအနေအထားမှာ မင်းလှခံတပ်ကြီး ပြိုကျမှုမရှိ သေးသော်လည်း ကြို တင်ကာကွယ်မှုများ အရှိန်တိုးမြင့်ဆောင်ရွက် ရန်လိုအပ်ကြောင်း သိရသည်။

"ရေကြီးနေစဉ်ကာလမှာ မြစ်ရေတိုက်စားခြင်းဒဏ်ကို ကြံ့ကြံ့ခံကာကွယ်ခဲ့တဲ့လက်ပံပင်ကြီးကို အခုအခါမှာ စနစ်တကျနဲ့ သင်းသတ်ခြင်းခံလိုက်ရတယ်။နောင်နှစ်တွေမှာ ရေတက်တဲ့အခါမှာ အဲဒီသစ်ပင်ကြီးမရှိတော့တဲ့ အတွက် ရေတိုက်စားမှုဒဏ်ကို အလူးအလဲခံစားရ တော့မယ်။မင်းလှခံတပ်ကြီးကိုအထူးထိန်းသိမ်းစောင့်ရှောက် ဖို့အတွက် အုပ်ချုပ်ရေးအဖွဲ့အစည်းတွေရယ်၊   ရှေးဟောင်းသုတေသနတွေရယ်နဲ့ ပြည်သူတွေပူပေါင်းပါဝင်တဲ့ ကော် မတီတစ်ရပ် ဖွဲ့စည်းသင့်တယ်။"  ဟု ၎င်းက ပြောပြသည်။

၁၈၈၅ ခုနှစ်၊နိုဝင်ဘာ ၁၇ ရက်နေ့တွင် အင်္ဂလိပ်စစ်တပ်က ဗိုလ်မှူးးကြီး ဆန်ဖို့ဒ် ဦးဆောင်သည့်အဖွဲ့က မိုင်းခွဲ ဖျက်ဆီးခဲ့သည့်အတွက် မင်းလှခံတပ်ကြီး၏အရှေ့ဘက်ကနံရံ ပျက်စီးခဲ့သည့်အတွက်   ရေတိုက်စားမှုလျော့နည်း စေရန် ထုထည်ကြီးမားသည့် ရေထိန်းကာတာကြီးများနှင့် သဘာဝအကာအကွယ်ဖြစ်သည့်သစ်ပင်ကြီးများလည်း ရှိရန်လိုအပ်ကြောင်း ဒေသခံများကပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ မကွေးတိုင်းဒေသကြီး၊ရှေးဟောင်းသုတေသနဌာနသို့ မဇ္ဈိမမှ ဆက်သွယ်မေးမြန်းရာ လက်ထောက်ညွှန်ကြားရေးမှူး ဦးစောလွင်က "မြစ်ချောင်းဖြိုးဦးစီးဌာနနဲ့ပူးပေါင်းပြီး ၊မင်းလှခံတပ်နဲ့ ရွှေဘုံသာ ဘုရားစုကြားမှာ ရေကာတာတစ်ခု တည်ဆောက်ပြီးပါပြီ။အကြီးစားရေထိန်းနံရံ တည်ဆောက်ဖို့ကတော့မြစ် ချောင်းဖြိုးဦးစီးဌာနက အင်ဂျင်နီယာတွေ မေးမှသိရမယ်။ မင်းလှခံတပ်ကြီးရဲ့ဝန်းကျင်မှာ သစ်ပင်ကြီးတွေ မခုတ်ဖို့ လည်း ကျွန်တော်တို့တားထားတယ်။ဝန်ကြီးချုပ်ကလည်း တားတာတယ်။ သစ်ပင်ခုတ်တဲ့သူကလည်း မသိလို့ ခုတ်ခဲ့တာ။သူ့ကို သတိပေး အရေးယူထားပါတယ်။" ဟု ပြောပြသည်။

၂၀၁၁ ခုနှစ်ကလည်း မြစ်ချောင်းဖြိုးစီမံကိန်းအရ ခံတပ်ကြီး၏အနောက်ဘက်ခြမ်းတွင် ရေထိန်းနံရံလုပ်ထားပြီး သော်လည်း မိုးများကာလမှာပြိုသွားသည့်အတွက် သက်ဆိုင်ရာတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေနှင့် ရှေးဟောင်းသု တေသနတို့ ဝိုင်းဝန်းဆွေးနွေး ဆောင်ရွက်ခဲ့ကြောင်း ၎င်းက ဖြည့်စွက်ပြောပြသည်။

ခရစ်နှစ် ၁၈၆၀ ခုနှစ်တွင် စတင်တည်ဆောက်လုပ်ခဲ့သော မင်းလှခံတပ်သည် သက်တမ်းအားဖြင့် နှစ်ပေါင်း ၁၅၆  နှစ်ရှိနေပြီဖြစ်ပြီး၊မကွေးတိုင်းအတွင်း နိုင်ငံခြားသားနှင့်ပြည်တွင်းခရီးသွားများ အများဆုံးဝင်ရောက် လေ့လာသည့် နေရာများအနက် တစ်ခုအပါအဝင်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly