အင်ဒိုနီးရှား ဘောလုံးပွဲ၌ အဓိကရုဏ်းဖြစ်ပွားပြီး လူအုပ်ပြိုမှုကြောင့် လူ ၁၂၉ ဦး သေဆုံး

အင်ဒိုနီးရှား ဘောလုံးပွဲ၌ အဓိကရုဏ်းဖြစ်ပွားပြီး လူအုပ်ပြိုမှုကြောင့် လူ ၁၂၉ ဦး သေဆုံး
Photo: AFP

အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပသည့် ဘောလုံးပွဲစဉ်တစ်ပွဲ၌ အဓိကရုဏ်းတစ်ခု ဖြစ်ပွားပြီး လူအုပ်လိုက် ပြုံတိုးမှုများ ဖြစ်ပြီးနောက် လူ ၁၂၉ ဦးထက်မနည်း သေဆုံးပြီး အခြား လူအယောက် ၁၈၀ ခန့် ဒဏ်ရာများ ရသွားကြောင်း ရဲတပ်ဖွဲ့က အောက်တိုဘာ ၂ ရက်တွင် ပြောသည်။ ထိုဖြစ်စဉ်သည် ကမ္ဘာ့ အဆိုးဆုံး ဘောလုံးကွင်း ဘေးဒုက္ခဆိုးတစ်ခု ဖြစ်ဖွယ်ရှိသည်။

အောက်တိုဘာ ၁ ရက် ညပိုင်းက အရှေ့ဂျာဗားပြည်နယ်တွင် ကစားခဲ့သည့် ဘောလုံးပွဲစဉ်တွင် ရှုံးနိမ့်သည့် အိမ်ရှင်အသင်း၏ အားပေးသူ ပရိသတ်များက စိတ်ဆိုးဒေါသထွက်လျက် ကွင်းထဲ ပြေးဝင်ခဲ့ကြရာတွင် အခြေအနေကို ထိန်းသိမ်းရန် တာဝန်ရှိသူများက မျက်ရည်ယိုဓာတ်ငွေ့ အသုံးပြုပစ်ခတ်ခဲ့ပြီးနောက် လူအုပ်လိုက် ပြုံတိုးမှု ဖြစ်ပေါ်ခဲ့ကာ လူများ အသက်ရှုမွန်းကျပ်မှုများ ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်ကြောင်း အရှေ့ဂျားဗားပြည်နယ် ရဲတပ်ဖွဲ့အကြီးအကဲ နီကို အာဖင်တာက သတင်းထောက်များကို ပြောသည်။

“မင်းမဲ့စရိုက် ပရမ်းပတာ အခြေအနေ ဖြစ်သွားခဲ့တယ်။ သူတို့တွေက တာဝန်ရှိသူတွေကို စပြီး တိုက်ခိုက်ခဲ့တယ်။ ကားတွေကိုလည်း ဖျက်ဆီးခဲ့တယ်” ဟု နီကို ပြောသည်။ ထို့ပြင် ပရိသတ်များက ထွက်ပေါက်ဂိတ်တစ်ခုကို ထွက်ပြေးကြစဉ် လူအုပ်ပြိုတိုးပြီး ဖိမိ၊ နင်းမိမှုများ ဖြစ်ပွားခဲ့ကြောင်း ၎င်းက ပြောသည်။

အိမ်ရှင်အသင်းဖြစ်သည့် အရီမာ အက်ဖ်စီ အသင်းက ပါဆီဘာယာ ဆူရာဘာယာ အသင်းကို ရှုံးနိမ့်ခဲ့ပြီးနောက် မာလန်းမြို့ရှိ ဘောလုံးပွဲ ပွဲကြည့်စဉ်ပေါ်မှ ပရိသတ်များ ကွင်းတွင်းသို့ အော်ဟစ် ပြေးဝင်သွားကြသည်ကို ပြည်တွင်း သတင်းချန်နယ်များ ပြသသော ဗီဒီယိုရုပ်သံများတွင် မြင်တွေ့ရသည်။ လုံးထွေး သတ်ပုတ်မှုများကို မြင်ရနိုင်ပြီး မျက်ရည်ယို ဓာတ်ငွေ့များ ဖြစ်ပုံရသည့် အငွေ့များကိုလည်း တွေ့ရနိုင်သည်။

သတိလစ်သွားပုံရသူများကို အခြား ပရိသတ်များက သယ်ထုတ်သွားသည့် ဓာတ်ပုံများလည်း ထွက်ပေါ်ခဲ့သည်။

ဘောလုံးပွဲ ကြီးကြပ်သူများ သို့မဟုတ် ရဲများအနေဖြင့် လက်နက်များ သို့မဟုတ် “လူအုပ်ထိန်းသိမ်းသည့် ဓာတ်ငွေ့များ” ကို သယ်ဆောင်ခြင်း မပြုသင့် သို့မဟုတ် အသုံးမပြုသင့်ဟု ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာက ယင်း၏ ဘေးကင်းလုံခြုံ‌ရေးဆိုင်ရာ စည်းမျဉ်းများတွင် ပြဋ္ဌာန်းဖော်ပြထားသည်။

ထိုကဲ့သို့ စည်းမျဉ်းများအကြောင်း သိရှိသလား ဆိုသည်နှင့်ပတ်သက်ပြီး အရှေ့ ဂျာဗား ရဲတပ်ဖွဲ့က လက်တလော တုံ့ပြန် ဖြေကြားခြင်း မရှိခဲ့ပေ။

အင်ဒိုနီးရှား၏ လူ့အခွင့်အရေး ကော်မရှင်အနေဖြင့် ယခုဖြစ်စဉ်တွင် မျက်ရည်ယို ဓာတ်ငွေ့ အသုံးပြုမှု အပါအဝင် ကွင်း၏ လုံခြုံရေးပိုင်းကို စုံစမ်းစစ်ဆေးရန် စီစဉ်ထားကြောင်း ကော်မရှင်နာဖြစ်သူက ရိုက်တာကို ပြောသည်။

(ကိုလူအေး ဘာသာပြန်သည်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly